ထိုင်းရေပိုင်နက်အတွင်း စက်လှေဖြင့် ကီလို (၆၀,၀၀)နီးပါးရှိ ဂုံးများ သယ်ဆောင်လာသည့် မြန်မာ အမျိုးသား(၃)ဦး ဖမ်းဆီးခံရ

Photo: ထိုင်း အမှတ်(၂၅)ခြေမြန်တပ်ရင်း
Photo: ထိုင်း အမှတ်(၂၅)ခြေမြန်တပ်ရင်း
ထိုင်းရေပိုင်နက်အတွင်း စက်လှေဖြင့် ကီလို (၆၀,၀၀)နီးပါးရှိ ဂုံးများ သယ်ဆောင်လာသည့် မြန်မာ အမျိုးသား(၃)ဦး ဖမ်းဆီးခံရ
ဖေဖော်ဝါရီ 9, 2024 | အလုပ်သမားရေးရာ

ထိုင်း - မြန်မာနယ်စပ်ဒေသဖြစ်သည့် ကော့သောင်း - ရနောင်းအကြား ထိုင်းရေပိုင်နက်အတွင်း ထိုင်းဘက်သို့ စက်လှေဖြင့် တရားမဝင် ပင်လယ်စာများကို သယ်ဆောင်လာ၍ဟုဆိုကာ ထိုင်းစစ်တပ်က မြန်မာအမျိုးသား (၃)ဦးကို ဖမ်းဆီးပြီး  အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်အစောပိုင်းက  ထိုင်းရေတပ် အပါအဝင် တရားမဝင်ငါးဖမ်းလုပ်ငန်းတားဆီးနှိမ်နှင်းရေးအဖွဲ့ နှင့် အမှတ်(၂၅)ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး ရေကင်းလှည့်နေစဉ် ၎င်းတို့အား ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက်(၄၁)နှစ်ရှိ ဦးကျော်မျိုးထွေး၊ အသက်(၃၅)နှစ်ရှိ ဇော်သိန်းနှင့် အသက်(၃၀)နှစ်ရှိ မျိုးအောင် တို့ဖြစ်ပြီး ၎င်းတို့၏ စက်လှေပေါ်တွင် ဆာလာအိတ်ဖြူ  (၁၄၆)အိတ်ဖြင့်  ထည့်ထားပြီး စုစုပေါင်း အလေးချိန် (၅,၈၄၀)ကီလိုရှိသည့် ဂုံး များကို တွေ့ရှိပြီး တရားဝင် စာရွက်စာတမ်း ပြသနိုင်ခြင်း မရှိ၍ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာ အမျိုးသား(၃)ဦးကို ထိုင်းနိုင်ငံ၏ ဥပဒေများဖြစ်သည့် ငါးလုပ်ငန်းအရေးပေါ်ဥပဒေ ပုဒ်မ (၉၆)၊   နှင့် ငါးလုပ်ငန်းအရေးပေါ်အမိန့် ပုဒ်မ(၁၅၈)တို့ဖြင့် အရေးယူနိုင်ရန် ပန့်နမ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။