ထိုင်းနိုင်ငံတွင် ထိုင်းများသာ လုပ်ခွင့်ရှိသည့် အလုပ်များ၌ ဝင်ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးမှုများ ပိုမိုရှိလာနိုင်

Photo: REUTERS
Photo: REUTERS
ထိုင်းနိုင်ငံတွင် ထိုင်းများသာ လုပ်ခွင့်ရှိသည့် အလုပ်များ၌ ဝင်ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးမှုများ ပိုမိုရှိလာနိုင်
By Mr John

 

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများအတွက် သီးသန့် အလုပ်အကိုင်နေရာများ၌ ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်မှု များပြားလာခြင်းကို အရေးယူဆောင်ရွက်သည့် ဥပဒေ မြန်မြန်ဆန်ဆန် သက်ရောက်မှုရှိစေရေး ဆောင်ရွက်ရန် အလုပ်သမားဝန်ကြီး Suchart Chomklin က အလုပ်သမားရေးရာဌာနကို ညွှန်ကြားလိုက်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြည်ပအလုပ်သမားများ စည်းမျဥ်းစည်းကမ်းလိုက်နာစေရေး အနီးကပ် ထိန်းကျောင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပြီးနောက် အလုပ်သမားဝန်ကြီးက သက်ဆိုင်ရာဌာနကို ထိုသို့ ညွှန်ကြားလိုက်ခြင်းလည်း ဖြစ်သည်။

 ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့အထိ ထိုင်းနိုင်ငံတဝန်း လုပ်ငန်းခွင် (၁၄,၁၀၄) ခုကို အာဏာပိုင်များက စီးနင်းခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသားများအတွက် သီးသန့် အလုပ်အကိုင်နေရာများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် စည်းမျဥ်းစည်းကမ်းချိုးဖောက်သည့် ရွှေ့ပြောင်းအလုပ်သမား (၆၀၀) ကို တွေ့ရှိခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမား (၁၉၆,၄၀၂) ဦးကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။ 

၎င်းတို့အနက် အလုပ်သမား (၆၀၀) က ကန့်သတ်အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ဆိုသည်။ 

ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် အလုပ်ကိုင်နေရာများတွင် ဝင်ရောက် လုပ်ကိုင်နေသည့် ပြည်ပရွှေ့ပြောင်း အလုပ်သမားများအနက် မြန်မာနိုင်ငံမှ (၂၆၄) ဦး၊ ကမ္ဘောဒီးယားမှ (၁၂၁) ဦး၊ လာအိုမှ (၉၇) ဦး၊ ဗီယက်နမ်မှ (၃၉) ဦး၊ အိန္ဒိယမှ (၅၁) ဦးနှင့် အခြား နိုင်ငံများမှ (၂၈) ဦးဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ခွင့်ပါမစ် မရှိဘဲ အလုပ် လုပ်ကိုင်ခြင်း သို့မဟုတ် ကန့်သတ် အလုပ်အကိုင်နေရာများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းအတွက် ရွှေ့ပြောင်းအလုပ်သမားများမှာ ဘတ် (၅၀,၀၀၀) အထိ ငွေဒဏ်ချမှတ်ခံရမည်ဟု အလုပ်သမားဝန်ကြီး Suchart က သတိပေးခဲ့သည်။ 

ထို့အတူ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်အပ်ထားသည့် အလုပ်ရှင်များကိုလည်း ထိုအလုပ်သမားများ ၂၀၁၇ ခုနှစ်က ပြည်ပအလုပ်သမား စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေ ချိုးဖောက်ရန် ခွင့်ပြုမှုဖြင့် အလုပ်သမားတစ်ဦးစီအတွက် ဘတ် (၁၀၀,၀၀၀) အထိ ငွေဒဏ်ချမှတ်မည်ဟု ဆိုသည်။

အကယ်၍ ရွှေ့ပြောင်းအလုပ်သမားများက ပြစ်မှုကို ထပ်ခါတလဲလဲ ကျူးလွန်ပါက ၎င်းတို့က အလုပ်ရှင်များကို ထောင်ဒဏ် (၁) နှစ်အထိနှင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအတွက် ငွေဒဏ် ဘတ် (၂၀၀,၀၀၀) အထိ သို့မဟုတ် ထိုပြစ်ဒဏ် (၂) ရပ်လုံးကို ကျခံရနိုင်ကြောင်း သိရသည်။ 

ထို့အပြင် အဆိုပါ အလုပ်ရှင်များကို ရွှေပြောင်းအလုပ်သမား ငှားရမ်းခန့်အပ်ခွင့် (၃) နှစ်ကြာ ရပ်ဆိုင်းထားနိုင်ကြောင်းလည်း ဝန်ကြီး Suchart က ပြောခဲ့သည်။

အလုပ်သမားရေးရာဌာန အထွေထွေညွှန်ကြားရေးမှူး Pairoj Chotikasathien ၏ ပြောကြားမှုအရ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသားများ အတွက် သီးသန်hအလုပ်အကိုင်နေရာများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်မပြုကြောင်းကို ဝန်ကြီးဌာန၏ ကြေညာချက်တွင် ရှင်းလင်းစွာ ဖော်ပြထားကြောင်း သိရသည်။ 

ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် အလုပ်အကိုင်နေရာများအနက် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဥ်မောင်း၊ သစ်သားပန်းပုထုသူ သို့မဟုတ် ဆံပင်ညှပ်သမား အလုပ်အကိုင်နေရာများ ပါဝင်သည်။

အလုပ်သမားဆိုင်ရာ နားလည်မှုစာချုပ်အရ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်အကိုင်အမျိုးအစား (၂) ခုတွင်သာ လုပ်ကိုင်ခွင့်ပြုထားပြီး အိမ်အကူအလုပ်နှင့် စတိုးဆိုင်များတွင် ကုန်ပစ္စည်းရောင်းချသည့် အလုပ်တို့ဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်ရှားပါးမှု မဖြစ်စေရန် ထိုသို့ သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရွှေပြောင်းအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေကြသည့် ကန့်သတ်အလုပ်အကိုင်နေရာ အများစုမှာ လမ်းဘေးဈေးသည်၊ ဆံပင်ညှပ်သမား၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အလုပ်များနှင့် ရိုးရာအနှိပ်ခန်းတို့ဖြစ်ကြောင်း Pairoj Chotikasathien က ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ လူစည်ကားရာ ခုတ်ဆန်လမ်းတွင် မြန်မာဈေးသည်များ ရောင်းချနေသည့် ကဘတ်နှင့် ချာပါတီ ဆိုင်များကို စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား (၁၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး၏ ညွှန်ကြားချက်ထွက်ပေါ်လာပြီးနောက်ပိုင်း ထိုသို့ ဖမ်းဆီးမှုများ ပိုမိုရှိလာနိုင်ကြောင်း ခန့်မှန်းရသည်။

Source: Bangkok Post