ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးသွားကြောင်း PNLA ထံမှ သိရသည်။

ဆီဆိုင်မြို့ကို PNLAက ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ

ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း၊ ဓမ္မာရုံ(၁)ခု၊ ဘုရားရှိခိုးကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း(၁)ကျောင်းနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင်လည်း အရပ်သားတစ်ဦးဖြစ်သည့် နောင်အယ်ရွာနေ ခွန်ဘဩ အသက်(၅၀)နှစ်ကို ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်၍ သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစခန်းအနီးတွင် သွားလာနေထိုင်ခြင်းများမပြုပဲ သတိနှင့် ဘေးကင်းလုံခြုံရာတွင် နေထိုင်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေပြီး ၎င်းတို့ လက်လွတ်ဆုံးရှုံးရသည့်မြို့များ၊ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေးသဘောထားဖြင့် ပအိုဝ်းကျေးရွာများ၊ မြို့များကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၄)ရက်နေ့မှ (၅)ရက်နေ့အထိလည်း စစ်ကောင်စီနှင့်အပေါင်းအပါများသည် ဆီဆိုင်မြို့အတွင်းရှိ ဟိုခဲဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများ၊ ဒရုန်းဗုံးများဖြင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးခဲ့ပြီး ဆီဆိုင်မြို့အနောက်ဘက်ရှိ မုဲင်းဟုဲင်းကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းကိုလည်း ခံတပ်စခန်းအဖြစ်တပ်စွဲကာ ဒေသခံများ၏ အိမ်မွေးတိရိစ္ဆာန်များကို ဘုန်းတော်ကြီးကျောင်းအတွင်း သတ်ဖြတ်စားသောက်ခဲ့ကြသည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂)ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီသည် ဆီဆိုင်မြို့ကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲခြင်းကြောင့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦးအချို့ ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency