ဆီဆိုင်မြို့တွင်းကို စစ်ကောင်စီတပ် ဆက်တိုက်ဗုံးကြဲနေသဖြင့် နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် စက်သုံးဆီဆိုင်များ ပျက်စီး

ဆီဆိုင်မြို့တွင်းကို စစ်ကောင်စီတပ် ဆက်တိုက်ဗုံးကြဲနေသဖြင့် နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် စက်သုံးဆီဆိုင်များ ပျက်စီး
ဇန်နဝါရီ 25, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲနေသဖြင့် နေအိမ်များပျက်စီးမှုများကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ပေါ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းများကို PNLA တပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း လေယာဉ်များ ပျံသန်းနေကြောင်း ဒေသခံများကဆိုသည်။

“လေယာဥ်နဲ့ ဗုံးကြဲလို့တော်တော်လေးပျက်စီးသွားပြီ။ ဆီဆိုင်မြို့ မြကန်သာရပ်ကွက် အိမ်နှစ်လုံး၊ ဟိုခဲရပ်ကွက်ဘုန်းကြီးကျောင်း RC ကျောင်းနှစ်ကျောင်း၊ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးသွားပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များ ပျံသန်းနေပြီး မြို့အတွင်း၌လည်း တိုက်ပွဲဖြစ်ပွားနေကာ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အသေးစိတ်အချက်အလက်ကို မသိရဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

“လေယာဥ်တွေဝဲနေတယ်။ ဗုံးတွေအများကြီးကြဲတယ်။ အခုက နည်းနည်းအသံငြိမ်လာသလိုပဲ။ ကျွန်တော်တို့လည်း ပြေးနေရတော့ ရောက်နေတဲ့နေရာကနေ သေချာတော့ မမြင်ရဘူးဗျ။ ဗုံးကျတာက မြို့ထဲလို့ ထင်တယ်။ ဆက်တိုက်တော့ ကြဲနေတာပဲ။ လေယာဉ်တွေလာတော့ မြင်နေရတယ်။”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄)ရက်နေ့ ညနေပိုင်းတွင် ဆီဆိုင်တောင်ပိုင်း ပုံလောင်းဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲပြီးနောက် ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ ည(၇)နာရီဝန်းကျင်တွင် ရဲစခန်းသိမ်းခံရပြီး ယနေ့ ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ဒေသခံတော်တော်များများက ဆီဆိုင်မှာတော့မရှိတော့ပါဘူး။ အဲဒါကြောင့် ခမရ(၄၂၄)နဲ့ (၄၂၃)တပ်နှစ်ခုကို ရောက်မ၊ ရောက် အတည်မပြုပေးနိုင်ပါဘူးဗျ။ ဒါပေမယ့် ရုံးတွေကိုသိမ်းထားပြီဆိုတာတော့ အတည်ပြုပါတယ်။ တပ်နှစ်ခုလုံးက တပ်မိသားစု‌တွေကလည်း ရှေ့ရက်တွေကတည်းက ပြောင်းထားတာမို့ အင်အားနည်းနေပါတယ်။ ‌မနေ့ကစပြီး လေယာဉ်တွေနဲ့ စပစ်ခတ်လာတာပါ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် ဆီဆိုင်မြို့ဒေသခံတစ်ဦးကလည်း ဆီဆိုင်မြို့အတွင်း PNLA တပ်များ နေရာယူထားပြီဖြစ်ပြီး မြို့နှင့် နှစ်မိုင်ခန့်အကွာတွင်ရှိနေသည့် ခမရ(၄၂၄)နှင့် (၄၂၃)တပ်ရင်းများကိုလည်း PNLA တပ်များက ယနေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း Tachileik News Agency ကိုပြောသည်။

အဆိုပါကိစ္စကိုသိရှိနိုင်ရန် PNLAတပ်ဖွဲ့မှ တာဝန်ရှိသူများကို Tachileik News Agencyကဖုန်းဖြင့် ဆက်သွယ်နေသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဆီဆိုင်မြို့ခံများသည် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ယမန်နေ့ကပင် ထွက်ပြေးတိမ်းရှောင်နေရာ မြို့လုံးကျွတ် တိတ်ဆိတ်နေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo : CJ