ပေါင်းတည်မြို့နယ်အတွင်း မအူးကွင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ နေအိမ် (၃၃)လုံး မီးလောင် ဆုံးရှုံး

Photo: ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)
Photo: ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)
ပေါင်းတည်မြို့နယ်အတွင်း မအူးကွင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ နေအိမ် (၃၃)လုံး မီးလောင် ဆုံးရှုံး
ဇန်နဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မအူကွင်းရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ်(၃၃)မီးလောင် ပျက်စီးခဲ့ရကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)က ယနေ့ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

ပျူစောထီးဖွဲ့စည်းစုဆောင်းရန်အတွက် သစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှ ထွက်ခွာလာသော အင်အား (၄၅)ဦးပါ စစ်ကောင်စီတပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့၊ ညနေပိုင်းတွင်  ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ Sniper အဖွဲ့နှင့် တပ်ခွဲအသီးသီးမှ ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးသူရှိသဖြင့် မအူကွင်းရွာအတွင်းသို့ ဝင်ရောက်ကာ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ်(၃၃)လုံး ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု(၃၃)စုမှ အမျိုးသား (၆၁)ဦး၊ အမျိုးသမီး (၅၈)ဦး၊ သက်ကြီးရွယ်အို (၅)ဦး၊ ကလေးငယ် (၅)ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။