မုံးကိုး၊ ပန်ဆိုင်း၊ သိန္နီနှင့် ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို မဟာမိတ်တပ်များသိမ်းပိုက်

မုံးကိုး၊ ပန်ဆိုင်း၊ သိန္နီနှင့် ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို မဟာမိတ်တပ်များသိမ်းပိုက်
နိုဝင်ဘာ 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်‌မြောက်ပိုင်း မုံးကိုး၊ ပန်ဆိုင်း၊ သိန္နီ၊ နန့်ပုံနှင့် ကိုးကန့် ရှီးရှမ်းဒေသ ရှောက်ကိုင်အုပ်စု၊ တာရွှေထန်အုပ်စု ရွှင်မာလင်ရွာ၊ တုန်ရှမ်းဒေသတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်တပ်များ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားများဖြစ်ပြီး စစ်ကောင်စီတပ်စခန်း(၅)ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မဟာမိတ်တပ်များထံမှ သိရသည်။

ကိုးကန့်ဒေသ ရွှင်မာလင်ရွာစခန်း၊ လန့်ထန်၊ ရှောက်ထမ်ချင်းနှင့် လူရွှေရှိ စစ်ကောင်စီစခန်းများကို MNDAAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် တုန်းရှမ်းဒေသ မန်ချင်၊ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု၊ တာလုံထန်နေရာတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မုံးကိုးဒေသတွင် ဒေသလုံခြုံရေးတပ်ဖွဲ့နှင့်ပူးတွဲပြီး ပန်ဆိုင်းနယ်စပ်ဂိတ်တွင် အခြေချသော စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

သိန္နိမြို့နယ်တွင် နန့်ပုံအခြေချ စစ်ကောင်စီတပ်ရင်း (၂၉၁)စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၂၀)ရက်နေ့တွင်လည်း တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ရှီးရှမ်းဒေသ တာရွှေထန်အုပ်စုတွင် တန်ပြန်ထိုး စစ်လာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

 

လက်ရှိတွင် ညီနောင်မဟာမိတ်အဖွဲ့များ စစ်ကောင်စီတပ်စခန်းအကြီး၊ အသေး စုစုပေါင်း (၁၅၈)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency