မောင်တောမြို့နယ် ကံပြင်သာစည်ရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေကာ လက်နက်ခဲယမ်းတချို့ရဟု AA ထုတ်ပြန်

မောင်တောမြို့နယ် ကံပြင်သာစည်ရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေကာ လက်နက်ခဲယမ်းတချို့ရဟု AA ထုတ်ပြန်
နိုဝင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကံပြင်သာစည်ရွာတွင် ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦးသေကာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)မှ လက်နက်ချအညံ့ခံရန် အသိပေးထားသော်လည်း မောင်တောမြို့နယ် အရှေ့မြောက် (၃.၃) ကီလိုမီတာအကွာအဝေး၌ လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး ဒဏ်ရာရသူတချို့ရှိခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့က မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ(၂)ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ (၃၄၄)တပ်ရင်းမှ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး)၊  ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်(တပ်စုမှူး)တို့အပါအဝင် စုစုပေါင်း (၁၀)ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချို့လည်း ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ခလရ (၂၃၂)တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော မောင်တောမြို့မြောက်ပိုင်း၊ သင်္ဘောလှရွာအနီး တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ဒုစစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၀)ဦးကျော် သေပြီး သုံ့ပန်းတစ်ဦး အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် အပေါက်ဝမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂၂)ဦး AAထံ လက်နက်ချ အလင်းဝင်လာခဲ့ကာ အခြားသောနေရာ (၂)ခုမှလည်း ရဲ(၆)ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်းပေါင်း (၄၀)နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင် သွားရောက်ပူးပေါင်းသွားသည်ဟု သိရသည်။

#TachileikNewsAgency