ပုလောတွင် မိုင်းဆွဲခံရ၍ ပျက်စီးသွားသည့်ယာဉ်အစား ခရီးသွားကားကို စစ်ကောင်စီတပ် ယူသွား

ပုလောတွင် မိုင်းဆွဲခံရ၍ ပျက်စီးသွားသည့်ယာဉ်အစား ခရီးသွားကားကို စစ်ကောင်စီတပ် ယူသွား

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရသဖြင့် ကားတစ်စီး ပျက်စီးသွားရာ ပြည်သူပိုင်ကားအား ခြိမ်းခြောက်ရပ်တန့်စေပြီး ခရီးသည်များအား ရိုက်နှက်ထားခဲ့ကာ ကားအားယူဆောင်သွားကြောင်း ပုလော PDFထံမှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့က ပုလောမြို့မှ ပလောက်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ကား (၃)စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ ပုလောမြို့နယ်၊ (၇)မိုင်အနီး၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူရှိခဲ့ကြောင်း သိရသည်။

  

ထို့နောက် စစ်ကောင်စီတပ်များသည် ဒဏ်ရာရရှိသည့် ၎င်းတို့တပ်သားများကို ယာဉ်တန်းဖြင့် ဆက်လက်ပို့ဆောင်စဉ် သစ်လှတောကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် မော်တော်ယာဉ်(၁)စီးမှာ ပျက်စီးခဲ့ပြီး ဆက်လက် မသွားနိုင်သဖြင့် နေရာတွင်ပင် စွန့်ပစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သားများသည် ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူပိုင်မော်တော်ယာဉ်(၁)စီးအား ခြိမ်းခြောက်ရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ်ပါသည့် အရပ်သားပြည်သူများကို အကြမ်းဖက်ရိုက်နှက်ကာ မော်တော်ယာဉ်အား သိမ်းဆည်းယူဆောင်သွားခဲ့ကာ မော်တော်ယာဉ်ပေါ်မှ ပြည်သူများကို လမ်းမကြီးပေါ်၌ ချန်ထားရစ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များ ချန်ထားခဲ့သည့် ‌မော်တော်ယာဉ်အား ပြည်သူ့ကာကွယ်ရေးတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency