မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး ကလေးတစ်ဦးဒဏ်ရာရ

မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး ကလေးတစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း မုန်းမြို့နယ် ကိုင်းတဲစု၊ ကညင်ဒိုင်းရွာနှင့် ငှက်ပျောတော ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ အော်လီဂန်းဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် အော်လီဂန်းဖြင့် ကိုင်းတဲစု၊ ကညင်ဒိုင်းရွာနှင့် ငှက်ပျောတောကျေးရွာများကို ‌(၃)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ကိုင်တဲစုကျေးရွာနေ မဂျူးဂျူးလှိုင် (၈)နှစ်၏လက်ကို ရှပ်ထိကာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ဒေါ်စန်းထွေး (၆၄)နှစ်မှာ ဝမ်းဗိုက်နှင့် လက်မောင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသည့်အပြင် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ခြမ်းတွင်လည်း စစ်ကောင်စီတပ် ခမရ(၅၈၅)မှ ယနေ့ နေ့လယ်ပိုင်းတွင် ပြောင်းဖူးချိုးနေသော အူ့ဟူးထာ့ရွာနေ ဖီးအယ်ဒို (၁၉)နှစ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခြေဖနှောင့်တွင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency