ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က တနေကုန်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က တနေကုန်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် လေကြောင်းမှ တစ်နေကုန် ပစ်ခတ်ဗုံးကြဲနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ တပူတောရွာ အရှေ့တောင်ဘက်အား စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချခဲ့ပြီးနောက် ယင်းနေရာကိုပင် ဗုံး(၂)လုံး ထပ်မံကြဲချခဲ့ကြောင်း သိရသည်။

ထို့အပြင် လိပ်ဆင်းတောင်နှင့် အေးချမ်းသာရွာကြားကို ဗုံး(၃)လုံး၊ အေးချမ်းသာရွာနှင့် အင်လှရွာကြားကို ဗုံး(၃)လုံး ထပ်မံကြဲချခဲ့သည်ဟု သိရသည်။

“ရွာတွေပေါ်မှာ  နိမ့်နိမ့်လေးပျံသွားတာ၊ ကြောက်စရာကောင်းတယ်၊ပထမအကြိမ်တော့ အထိအခိုက်မရှိဘူး၊ ဒုတိယအကြိမ်တော့(၆) ဘီးကားတစ်စီး ပျက်စီးတယ်လို့ပြောတယ်။ အနီးနားရွာကလူတွေလည်း မနေရဲကြလို့ အကုန်ရှောင်ပြေးကုန်ကြပြီ။”ဟု ဒေသခံတစ်ဦး ကပြောကြောင်း ဖော်ပြထားသည်။ 

နံနက်ပိုင်းတွင်ပင် တတိယအကြိမ်ထပ်မံ၍ ဂျက်ဖိုက်တာတစ်စီးဖြင့် အေးချမ်းသာရွာနှင့် သရက်ပင်ရွာကြားကို ဗုံး(၂)လုံး၊ ဆည်အနောက်ဘက်ခြမ်းရှိ ကျေးရွာများအနီးကို လေကြောင်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကန့်ဘလူ(၆၀၀၆)တင့်ကားတပ်ရင်းမှ တက်လာသော Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အင်လှရွာအနီးနှင့် လိပ်ဆင်းတောင်နှင့် အေးချမ်းသာရွာအနီး၊ အင်းလှရွာအနောက်ဘက်တို့အား စတုတ္ထအကြိမ် ထပ်မံပစ်ခတ်ခဲ့သည်ဟု သိရသည်။

ညနေပိုင်းတွင် ကျွန်းလှမြို့နယ် အင်လှရွာအနောက်ဖက်ကို Mi-35 ရဟတ်ယဥ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ တပူတော၊ လိပ်ဆင်းတောင်၊ အေးချမ်းသာနှင့် အင်လှရွာမှ အရပ်သားများ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့