တာမွေမြို့နယ် သီတာလမ်းထိပ်ပွဲဈေးတွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ဗုံးတစ်လုံးကွဲ 

တာမွေမြို့နယ် သီတာလမ်းထိပ်ပွဲဈေးတွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ဗုံးတစ်လုံးကွဲ 

ရန်ကုန်တိုင်း တာမွေမြို့နယ်၊ သီတာလမ်းထိပ်ပွဲ‌ဈေးတွင် ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ ညနေ(၆)နာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ည(၉)နာရီခွဲဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သီတာလမ်းထိပ်တွင်ပြုလုပ်နေသည့် ပွဲဈေးအတွင်း ယင်းသို့ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးနိုင်ကာ (၃)ဦး ဖမ်းဆီးခံထားရပြီးနောက် ည(၉)နာရီခွဲတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

"လာပြီးတော့ မပစ်ခင်ကတည်းက ကျားကွက်သစ်တို့ဘက်မှာ ဆန္ဒပြသလို နည်းနည်းဆူသွားတော့ သူတို့က လိုက်ဖမ်းရင်းနဲ့ သီတာလမ်းမှာ ကောင်လေးတွေကို ဝင်ဆွဲတာ။ ပစ်လိုက်တာ တစ်ယောက်သေသွားတယ်။ အခုတော့ သီတာလမ်းထိပ်မှာ ဗုံးကွဲသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လူငယ်အချို့ သပိတ်လှုပ်ရှားမှုလုပ်နေသည်ကို သတင်းရ၍ဟုဆိုကာ စစ်ကားများ၊ အိမ်စီးကားများဖြင့် စစ်ကောင်စီတပ်သားများက အရပ်ဝတ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ပွဲစျေးထဲပစ်တာ။ ကျွန်တော်သိသလောက်က (၃)ယောက်ဖမ်းခံရတယ်။ တစ်ယောက်ကထိပြီး ပုံကျသွားတယ်လမ်းပေါ်။ စစ်ကောင်စီတပ်က ဝင်ပစ်တယ်လို့လည်းသိရတယ်။ ဘာကြောင့်ဆိုတာ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် လမ်းများပိတ်ဆို့ခြင်း၊ ဆိုင်များပိတ်သွားခြင်းများရှိခဲ့ပြီး ပစ်ခတ်သံမှာ (၄)ချက်ဝန်းကျင်ကြားရကာ အနီးရှိတိုက်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မွှေနှောက်ရှာဖွေသွားသည်ဟု ဒေသခံတချို့က‌ပြောသည်။

#TachileikNewsAgency