မူဆယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်

မူဆယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ နာထန်နှင့် ဂေါင်ရာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယနေ့ ဩဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ 

စစ်ကောင်စီ၏ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်(ဒကစ)ခြေလျင်တပ်ရင်း ခလရ(၂၆၁)ပူးပေါင်း မြို့မပြည်သူ့စစ်တပ်နှင့် TNLAတပ်ဖွဲ့တို့ နံနက်(၁၀)နာရီကစတင်ကာ ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

ထို့အပြင် လားရှိုးမြို့နယ်တွင်လည်း လားရှိုးမြို့မှ တောင်တလောင်သို့ စစ်ကောင်စီတပ်က အင်အား(၅၀)ခန့် ဖြည့်တင်းနေပြီး လားရှိုးမြို့ရှောင်လမ်းမှနေ၍ စစ်ကောင်စီတပ် စကခ(၁၆)၊ ခလရ(၆၈)မှ TNLA လှုပ်ရှားရာ နေရာများသို့ နံနက်ပိုင်းမှ ညနေပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့်လက်နက်ကြီးများကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်ပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာပတ်ဝန်းကျင်ရှိ ဒေသခံများမှာ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့များသို့လည်ကောင်း လားရှိုးမြို့နယ် မန်ကန်ကျေးရွာဒေသခံများမှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : တိုက်ပွဲဖြစ်ပွားသည့်နေရာ