ကော့ကရိတ်-မြဝတီ အာရှလမ်းအား ပြုပြင်ရန်အကြောင်းပြ စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိ

ကော့ကရိတ်-မြဝတီ အာရှလမ်းအား ပြုပြင်ရန်အကြောင်းပြ စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိ
စက်တင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KNLA ပူးပေါင်းတပ်များအကြား ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့က စတင်ကာ စက်တင်ဘာလ (၇)ရက်နေ့အထိ တိုက်ပွဲ(၁၂)ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးသူရှိခဲ့ကြောင်း သိရသည်။ 

ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် မိုးများစွာရွာသွန်းပြီး မြေပြိုခြင်းကြောင့် လမ်းများပျက်စီးခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် ၎င်းလမ်းအား တံတားထိုးပြန်လည်ပြုပြင်ရန် အကြောင်းပြု၍ စစ်ရေးလှုပ်ရှားနေသဖြင့် KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း(၁၈)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပစ်ခတ်မှုများတွင် စစ်ကောင်စီတပ်ဘက်မှ (၃၁)ဦး သေဆုံးပြီး ၎င်းတို့၏ စစ်သုံးကား (၇)စီးလည်း ပျက်စီးခဲ့ကာ KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၄)ဦး ကျဆုံးပြီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်သား သေဆုံးမှုစာရင်းကို Tachileik News Agency အနေဖြင့် အတည်မပြုနိုင်ပါ။ 

 

ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးသည် အာဏာသိမ်းစစ်ကောင်စီ၏ စီးပွားရေး၊ တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးအတွက် အဓိကကျသော လမ်းမဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့၏ အုပ်ချုပ်မှု ယန္တရားများအတွက် အဆိုပါလမ်းမကြီးအား နေ့စဥ်ပြုပြင်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency