AA၊ KNPPနှင့် KNDF တို့ကို စစ်ခေါင်းဆောင်က နိုင်ငံရေးနည်းနှင့်ဖြေရှင်းရန်ပြောဆို

AA၊ KNPPနှင့် KNDF တို့ကို စစ်ခေါင်းဆောင်က နိုင်ငံရေးနည်းနှင့်ဖြေရှင်းရန်ပြောဆို

မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့တွင် ၎င်းတို့၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုသည်။

အဆိုပါပြောကြားချက်သည် ရက္ခိုင့်တပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်ယူရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုသည်။

“လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဖြစ်ကြောင်း။”ဟု မင်းအောင်လှိုင်ကပြောသည်။

ရခိုင်ပြည်နယ်၏ တိုးတက်နေသည့်အခြေအနေကို မတည်မငြိမ်ဖြစ်ရန် လုပ်ဆောင်နေသည်မှာ AA လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း စွပ်စွဲပြောဆိုပြီး KNPPအဖွဲ့များ၏ လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦးများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ် ငန်းများ ဆောင်ရွက်ရန် အလွန်ပင် ခက်ခဲသွားပြီဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်။

ရက္ခိုင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများ၊ သင်္ဘောများဖြင့် အရပ်သားများရှိရာနေရာများသို့ ပစ်ခတ်ခြင်းကြောင့် အဆောက်အဦး အပျက်အစီးများပြီး အရပ်သားများ ထိခိုက်သေဆုံးမှု ရှိနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

NUG အစိုးရအနေဖြင့်လည်း စစ်ကောင်စီနှင့် လုံးဝဆွေးနွေးမည်မဟုတ်ကြောင်းလည်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ပြောဆိုထားသည်။

#TachileikNewsAgency