တာမခန်ကို ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ

တာမခန်ကို ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ
ဖေဖော်ဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ညပိုင်းတွင် 

လက်နက်ကြီးနှင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေပိုင်းမှစတင်ပြီး တာမခန်ကျေးရွာရှိ ခမရ(၁၁၉)စခန်းကုန်းနှင့် ရဲစခန်းကို KIA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တနေကုန် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

"တာမခန်ဘက်ကို ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အိမ်တွေပါတုန်တယ်။ တော်တော်ကြမ်းတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကပြောသည်။

တာမခန်ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ကာ စစ်ကောင်စီတပ်သား (၁၁)ဦးဖမ်းဆီးရမိထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Tachileik News Agency အနေဖြင့် အတည်မပြုနိုင်‌သေးပါ။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ တာမခန်ဘက်သို့ တိုက်လေယာဉ်(၄)စီးဖြင့် လာရောက်ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများလည်း တိမ်းရှောင်နေရသည်။

"နမ့်မှော်ဖက်ကနေ ကြားနေရတုန်း။ ဖားကန့် ဗျူဟာဖက်က ပစ်နေတာ။ တောင်အောက်ဆိုတော့ ကြားနေရတယ်။ လေယာဥ်တွေ လာတာလည်း မြင်နေရတာပေါ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။

တာမခန်တိုက်ပွဲတွင် KIAက ပစ်ခတ်သည့် ကျည်ထိမှန်ကာ စစ်ကောင်စီတပ်၏ တိုက်လေယာဉ် K-8W အမျိုးအစားတစ်စီး ထိမှန်သွားကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

#TachileikNewsAgency