တစ်ပတ်သိန်း(၂၀)ထုတ်ယူခွင့်ပြုပြီး နိုင်ငံခြားသားနှင့်လက်ထပ်ခြင်းအား ဝေဖန်ခဲ့သည့် သမီးဖြစ်သူ နန်းခမ်းနောင့် မင်္ဂလာဦးဆွမ်းကျွေးအတွက် ငွေကျပ်သိန်း ၉ သောင်း KBZ အုပ်စုလှူဒါန်း

တစ်ပတ်သိန်း(၂၀)ထုတ်ယူခွင့်ပြုပြီး နိုင်ငံခြားသားနှင့်လက်ထပ်ခြင်းအား ဝေဖန်ခဲ့သည့် သမီးဖြစ်သူ နန်းခမ်းနောင့် မင်္ဂလာဦးဆွမ်းကျွေးအတွက် ငွေကျပ်သိန်း ၉ သောင်း KBZ အုပ်စုလှူဒါန်း
နိုဝင်ဘာ 28, 2023 | 2021 Military Coup

မြန်မာနိုင်ငံသူများအား နိုင်ငံခြားသားနှင့် လက်ထပ်သည်ကို ဝေဖန်ပြောဆိုခဲ့သည့် ကမ္ဘောဇဘဏ်အုပ်စု၏ သမီးဖြစ်သူ နန်းခမ်းနောင့်သည် နိုင်ငံခြားသားနှင့် လက်ထပ်လိုက်ပြီးနောက် KBZ ဘဏ်အုပ်စုက ငွေကျပ်သိန်း(၉)သောင်းအား မင်္ဂလာဦးဆွမ်းကျွေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုထောက်တိုင်အဖြစ် ရပ်တည်နေခဲ့သည့် ကမ္ဘောဇဘဏ်အုပ်စုသည် စစ်တပ်အလိုကျ ပြည်သူများ၏ ဘဏ်အကောင့်များကိုပိတ်သိမ်းခဲ့သဖြင့် ဘဏ်အတွင်း ငွေထည့်သွင်းထားသည့် ပြည်သူအများ နစ်နာဆုံးရှုံးခဲ့ရကာ ၎င်းငွေများဖြင့် ယခုကဲ့သို့ လှူဒါန်းနိုင်ခြင်းဖြစ်ကြောင်း ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

လက်ရှိတွင် ပြည်သူများကို ကမ္ဘောဇဘဏ်၏  ATMစက်များမှ တစ်ရက်လျှင် ငွေသားကျပ်(၁ဝ)သိန်းနှင့် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း(၂၀)အထိသာ ထုတ်ယူခွင့်ပြုထားခြင်းဖြစ်သည်။

ဘဏ်တွင် ငွေသွားရောက်ထုတ်ယူသူများကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့ကစတင်ကာ လူပုဂ္ဂိုလ်ဆိုင်ရာ ဘဏ်စာရင်းများအတွက် တစ်ပတ်လျှင် ငွေကျပ်သိန်း(၂၀)၊ ကုမ္ပဏီဘဏ်စာရင်းများအတွက် ငွေကျပ်သိန်း(၂၀၀)ဟု ဗဟိုဘဏ်က ကန့်သတ်ထားသည်ဟု KBZ ဘဏ်က ပြောဆိုခဲ့ကြောင်း ငွေထုတ်ယူသူများထံမှ သိရသည်။

စစ်ကောင်စီကလည်း ငွေကျပ်သိန်း(၁၀၀)နှင့်အထက်ထုတ်ယူသူများကိုစောင့်ကြည့်နေပြီး Special Account ဖြင့်ထုတ်ယူမည်ဆိုကာ မန်နေဂျာနှင့်တွေ့ဆုံ၍ မေတ္တာရပ်ခံပါက ငွေကျပ်သိန်း(၅၀)အထိ ထုတ်ယူနိုင်သည်ဟု ငွေထုတ်ယူသူများက ဆိုသည်။

ကမ္ဘောဇဘဏ်အုပ်စုသည် ၎င်းတို့သမီးဖြစ်သူ နန်းခမ်းနောင့် မင်္ဂလာဦးဆွမ်းကျွေးအတွက် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် တောင်ကြီး၊ ဘွဲနှင်းသဘင်ခန်းမဆောင် ဆောက်လုပ်ရန် ကျပ်(၆၅,၀၀၀)သိန်း၊ ကမ္ဘောဇအပြည်ပြည်ဆိုင်ရာအစည်းအဝေးခန်းမ ဆောက်လုပ်ရန် ကျပ်သိန်း(၁၀,၀၀၀)၊ ဇီဝိတဒါန သံဃာ့ဆေးရုံ(ရန်ကုန်၊ မန္တလေး၊ တောင်ကြီး)အတွက် ကျပ်သိန်း(၃၀၀၀)၊ မေတ္တာရှင်အသင်း(တောင်ကြီး)အတွက် ကျပ်သိန်း(၁၀၀၀)၊ မေတ္တာဝါဒီဟင်္သာတ(ပရဟိတ)ကျောင်းတိုက်(ရန်ကုန်)အတွက် ကျပ်သိန်း(၁၀၀၀)၊ ခေမာရာမ သီလရှင်စာသင် တိုက်(သံလျင်)အတွက် ကျပ်သိန်း(၁၀၀၀)၊ သာသနာ့ဝံသီ သီလရှင်ကျောင်း(တောင်ကြီး)အတွက် ကျပ်သိန်း(၁၀၀၀)၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ(ရန်ကုန်)အတွက် ကျပ်သိန်း(၁၀၀၀)၊ မန်းတောင်ခြေ ဘိုးဘွားရိပ်သာ(မန္တလေး)အတွက် ကျပ်သိန်း(၁၀၀၀)၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာ(တောင်ကြီး)အတွက် ကျပ်သိန်း(၁၀၀၀)၊ မလွန်ဆန်လှူအသင်း(မန္တလေး)အတွက် ကျပ်သိန်း(၁၀၀၀)၊ ချမ်းသာကြီးဆန်လှူအသင်း(မန္တလေး)အတွက် ကျပ်သိန်း(၁၀၀၀)၊ မေရီချက်(ပ်)မင်းနားမကြားကျောင်း(ရန်ကုန်) အတွက် ကျပ်သိန်း(၁၀၀၀)၊ သူငယ်တော် မျက်မမြင်ဆွံ့အနားမကြားကျောင်း(ဘုရားဖြူ) တောင်ကြီးမြို့အတွက် ကျပ်သိန်း(၁၀၀၀)၊ နောင်တောင်းပရဟိတဘုန်းကြီးသင်ပညာရေးကျောင်း(ဟိုပုံး)အတွက် ကျပ်သိန်း(၁၀၀၀)လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency