MNDAA က စစ်မှုထမ်းခိုင်းနေသည့် ကိုရင် ၄ ပါးအနက် အသက်မပြည့်သေးသူပါရှိက ပြန်လွှတ်ပေးမည်ဟုဆို

MNDAA က စစ်မှုထမ်းခိုင်းနေသည့် ကိုရင် ၄ ပါးအနက် အသက်မပြည့်သေးသူပါရှိက ပြန်လွှတ်ပေးမည်ဟုဆို
နိုဝင်ဘာ 22, 2023 | 2021 Military Coup| ရှမ်းမြောက်

ကိုးကန့်တပ်ဖွဲ့ MNDAAက ခေါ်ဆောင်၍ စစ်မှုထမ်းခိုင်းသည့် ကိုရင်(၄)ပါးအနက် အသက်မပြည့်သေးသူများ ပါရှိနေပါက ပြန်လွတ်လာမည်ဖြစ်ကာ မူဝါဒအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝေက ပြောသည်။

မူဆယ်ခရိုင် မုံးကိုးမြို့ ဟေမိုးလုံ သာသနာပြုကျောင်းမှ ကိုရင်(၄)ပါးအား MNDAAက စစ်မှုထမ်းရန်အတွက် လူဝတ်လဲပြီးနောက် ဝေဖန်မှုများ မြင့်တက်လာနေပြီး စစ်ကောင်စီဘက်ကလည်း ယင်းကိစ္စအပေါ် ဘာသာရေး၊ လူမျိုးရေး အမြတ်ထုတ် နိုင်ငံရေးအရ အသုံးချနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ကလည်း တပ်သားသစ်စုဆောင်းရေး မူဝါဒအတိုင်းသွားတာဖြစ်ပါတယ်ဗျ။ အသက်မပြည့်ရင်တော့ ပြန်လွတ်လာမှာပါဗျ။ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချက်က ဘာသာရေး၊ သာသနာရေးပါမကပါဘူး။ လူမျိုးရေးကော၊ ပေါင်းစုံ စွပ်စွဲပြီးတော့ ဝါဒဖြန့်ကြတာရှိပါတယ်။ ဒါကို သတိမထားဘဲနဲ့ ယုံမိရင်တော့ စစ်ကောင်စီရဲ့ လှည့်ကွက်မိသွားမှာဖြစ်ပါတယ်။”ဟု လီးကျားဝေက Tachileik News Agencyကိုပြောသည်။

MNDAAက စစ်မှုထမ်းခိုင်းနေသည့် ကိုရင်များမှာ ဦးခေမာစာရက သက်တော်(၂၃)နှစ်၊ ဦးအာစိဏ္ဏ (၁၆)နှစ်၊ အရှင်ဇာန (၁၅နှစ်)နှင့် အရှင်ဇနိန္ဒ (၁၂)နှစ်တို့ဖြစ်ကြပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် လူဝတ်လဲလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

 

MNDAAသည် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ဟေမိုးလုံသာသနာပြုကျောင်းမှ ကိုရင်(၂၆)ပါးကို တိုက်ပွဲများဖြစ်ပွားလာမည်ဖြစ်သဖြင့် လုံခြုံရာသို့ တိမ်းရှောင်နိုင်ရန် ပို့ဆောင်ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားရာက (၂၂)ပါးကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာမှ ဒေသခံများက အကြိမ်ကြိမ်သွားရောက်ညှိနှိုင်းခဲ့သော်လည်း MNDAAဘက်က လက်မခံခဲ့ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ရွှေဖီမြေ