သံတွဲမြို့တွင် စက်သုံးဆီဝယ်ယူရန် ရပ်ကွက်ထောက်ခံစာတောင်းနေရ

သံတွဲမြို့တွင် စက်သုံးဆီဝယ်ယူရန် ရပ်ကွက်ထောက်ခံစာတောင်းနေရ
နိုဝင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်သုံးဆီထည့်ရန် စစ်ကောင်စီက ရပ်ကွက်ထောက်ခံစာတောင်းယူခိုင်းနေပြီး ငပလီမြို့တွင် ရပ်ကွက်ထောက်ခံစာကြေးကို တစ်ဦးလျှင် ငွေကျပ်(၅၀၀)ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာလ (၁၃)ရက်နေ့က စတင်ကာ ရခိုင်ပြည်နယ်အဝင်လမ်းကြောင်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်ခြင်းကြောင့် ကုန်စည်များ ဈေးတက်လာပြီး စက်သုံးဆီများ ပြတ်လပ်ကာ တိုးကြိတ်ဝယ်ယူနေကြရသည်ဟု သိရသည်။

“ရပ်ကွက်ရုံးမှာ စာရွက်ထုတ်ရတယ်။ သံတွဲမှာတော့ မပေးရဘူး။ တစ်ခုနဲ့ တစ်ခုတော့မတူဘူး။ ငပလီမှာတော့ ထောက်ခံစာယူရင် (၅၀၀)ကျပ် ပေးရတယ်။ ဆိုင်ကယ်ဆိုရင်(၄,၀၀၀)ဖိုး၊ တုတ်တုတ်ဆိုရင်(၆,၀၀၀)ဖိုး၊ ကားဆိုရင် (၁၀,၀၀၀)ဖိုး ရောင်းပေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာတောင် ကြိုက်သလောက်ဝယ်မရတဲ့အခြေအနေဗျ။ ”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် စက်သုံးဆီကို တစ်လီတာလျှင် ငွေကျပ်(၂၅၀၀)မှ (၆၀၀၀)ကျပ်ကြားဖြင့် ပေးဝယ်နေရကြရပြီး ဆီထုတ်ရောင်းစားသူများ ရှိနေခြင်းကြောင့် ရပ်ကွက်ရုံးထောက်ခံစာဖြင့် ဆီထုတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ 

“ဆီဆိုင်ကြီးတွေမှာ ဈေးနည်းနည်းနဲ့တိုးဝယ်ပြီး အပြင်မှာ ဈေးအများကြီးတောင်းပြီး ပြန်ရောင်းစားကြတာ။ ရောင်းစားတဲ့လူတွေက တစ်ခေါက်ပြီးတစ်ခေါက် တန်းစီတိုးကြတာ။ အပြင်မှာ ဘယ်ဈေးပေါက်တယ်လို့လည်း မဟုတ်ပါဘူး။ ဈေးက ရောင်းတဲ့သူပါးစပ်ထဲမှာ။ ကြိုက်ရင်ဝယ် မကြိုက်လည်း ကိုယ်သုံးရတာပဲဆိုတာမျိုးပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်သုံးဆီများကို တစ်ဦးလျှင် (၃)ကြိမ်ဝန်းကျင် တန်းစီထုတ်ယူပြီး အပြင်တွင် ရောင်းစားနေခြင်းကြောင့် တစ်လီတာလျှင် ငွေကျပ်(၆,၀၀၀)မှ (၈,၀၀၀)ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

#TachileikNewsAgency