ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးကာ ရွာသန်းကျေးရွာကို မီးရှို့နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးရ

ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးကာ ရွာသန်းကျေးရွာကို မီးရှို့နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နေ့ နံနက်ပိုင်းတွင် ခြေလျင်စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်လာခြင်းကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာသန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ခင်ဦးနယ်တောင်ခြမ်း ရွာသန်းကျေးရွာအတွင်းသို့ ရွှေဘိုနယ် ဖုတ်ကုန်းရွာမှ ပျူစောထီးများနှင့် လေ့ကျင့်ရေး(၈)မှ စစ်ကောင်စီတပ်သားများ ပူးပေါင်းကာ ပူးပေါင်းအင်အား (၁၀၀)ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ဝင်ရောက်၍ ရွာသန်းရွာကို (၂)နေရာခွဲ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းစစ်ကြောင်းကြောင့် ရွာသန်းကျေးရွာ အပါအဝင် ရေအေးကုန်း၊ ကျီးကန်၊ ပန်းတွင်း၊ လက်ပံလှ စသည့်ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ 

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်ပင် ရေဦးမြို့နှင့်(၂)မိုင်သာဝေးသော ခင်ဦးနယ် အင်းပတ်ကွေ့ဈေးတန်း အထိုင်ချ စစ်ကောင်စီတပ်သားများနှင့် ရွာသစ်ကုန်းရွာမှ ပျူစောထီး ပူးပေါင်းအင်အား(၃၀)ကျော်သည် အင်းပတ်ကျေးရွာအတွင်း ဝင်ရောက်ရန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခြင်းကြောင့် အင်းပတ်ကျေးရွာအပါအဝင် မြကန်၊ ချမ်းသာကုန်းစသည့်ကျေးရွာများမှ ဒေသခံထောင်ချီလည်း ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး