ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အပါအဝင် စစ်ဆေးရေးဂိတ်နှင့် ခရိုင်ရုံးတို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အပါအဝင် စစ်ဆေးရေးဂိတ်နှင့် ခရိုင်ရုံးတို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်
ဖေဖော်ဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

 မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ခရိုင်ရုံးနှင့် တံတားကြီးစစ်ဆေးဂိတ်တို့ကို ABSDF နှင့် မွန်တော်လှန်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနတပ်ခွဲ (၆)ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် စကခ (၁၉) လက်အောက်ခံတပ်များဖြစ်သည့် ခလရ(၆၁)တပ်ရင်း၊ ရေးတံတားကြီးဂိတ်၊ စကခ (၁၉)နှင့် စကခ(၁၉)အရှေ့ရှိ ခရိုင်ရုံးတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ရေးတံတားကြီးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲ(၂)ဦးသေဆုံးပြီး ခရိုင်ရုံးအတွင်း စစ်ကောင်စီတပ်မှ အရာရှိကြီးတစ်ဦး အပါအဝင် အရာရှိ(၆)ဦး နှင့် ဝန်ထမ်းများရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် ခရိုင်ရုံးကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စကခ(၁၉) အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ရာတွင် တော်လှန်ရေးတပ်များ၏ ဒရုန်းတစ်စင်းပစ်ချခံရသည်ဟု သိရသည်။

ရေးမြို့ တောင်ပိုင်းနှင့် ပြည်ထောင်စုလမ်းမအား စိုးမိုးနိုင်ရေးအတွက် တော်လှန်ရေးတပ်များက မြေပြင်၊ ဝေဟင်တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့  (၈၁)မမ၊ (၆၀)မမ၊ (၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ဒေါနတပ်ခွဲ(၆) ဝေဟင်တပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF ဒေါနတပ်ခွဲ(၃)၊ ဒေါနတပ်ခွဲ(၄) KBDF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဒေါနတပ်ခွဲ(၅)၊ ဒေါနတပ်ခွဲ(၇) DDT တပ်ခွဲ(၃)၊ YDFတပ်ဖွဲ့ ၊ ရေးသိမ်းငှက်အဖွဲ့များနှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း(၁) ၊ YAF အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။