သရက်ချောင်းရဲစခန်းနှင့် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်များတိုက်ခိုက်

သရက်ချောင်းရဲစခန်းနှင့် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်များတိုက်ခိုက်
အောက်တိုဘာ 29, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့မရဲစခန်းနှင့် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာရှိ ပျူစောထီးစခန်းငယ်တို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်လူငယ်လက်ရုံးတပ်ထံမှ သိရသည်။

သရက်ချောင်းမြို့မရဲစခန်းနှင့် ရောင်းမော်ကျေးရွာရှိ ပျူစောထီးစခန်းတို့ကို တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး သရက်ချောင်းရဲစခန်း တိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်(၃၀)ခန့်ကြာမြင့်ခဲ့ပြီး သရက်ချောင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။ 

 

စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲကာ အရပ်သား(၃)ဦး ဒဏ်ရာရရှိခဲ့ကာ နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အဖွဲ့ဝင်များဖြစ်သော ထားဝယ်နဂါးတပ်ခွဲ(၂)၊ ဒေါင်းမင်းစစ်ဆင်ရေး၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်အဖွဲ့၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်လူငယ်လက်ရုံးတပ်နှင့် မဟာမိတ်ဖြစ်သော Dawei Defense Teamနှင့် ထားဝယ်ပူးပေါင်းစစ်ကြောင်းတို့က အတူပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency