မုံရွာမြို့တွင် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးနောက် ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်

မုံရွာမြို့တွင် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးနောက် ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ကို ထပ်မံတိုက်ခိုက်
ဇန်နဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း  မုံရွာမြို့တွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့က လ္ဘက်ရည်ဆိုင်ထိုင်နေသည့် ဒုရဲအုပ်တစ်ဦးပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ကင်းပတ်နေသည့် ရဲများစီးလာသောကားကို ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်ရာ ရဲ(၁၀)ဦး သေဆုံးကြောင်း မုံရွာ-နတ်ဆိုးတပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့စက်မှု(၁) အေးရိပ်သာလမ်းရှိ လ္ဘက်ရည်ဆိုင်တွင် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူကို မုံရွာခရိုင် PDF တပ်ရင်းများက ပစ်ခတ်ရာသေဆုံးသဖြင့် ကင်းပတ်နေသည့် ရဲများကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကင်းပတ်နေသည့် ရဲ(၈)ဦးပါ  ALPHARD ကားနှင့် ရဲ(၅)ဦးပါ PRADO ကားနှစ်စီးအား မုံရွာမြို့ ဗိုလ်တေဇလမ်း၊ ကြယ်စင်မင်းဆီဆိုင်အနီးတွင် ဒေသကာကွယ်ရေးတပ်များက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ရဲ(၁၀)ဦးသေဆုံးပြီး လက်နက်များကောက်ယူမည့်အချိန်တွင် စစ်ကောင်စီတပ်၏ ပတ်ကင်းကားများ ထက်မံရောက်ရှိလာသဖြင့် (၅)မိနစ်ခန့် ထပ်မံအပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု သိရသည်။

တိုက်ခိုက်မှုများကို  မုံရွာခရိုင်အမှတ် (၁)တပ်ရင်း၊ မုံရွာခရိုင် အမှတ်(၂၃) အမဲလိုက်သိန်းငှက်တပ်ရင်းနှင့် မုံရွာခရိုင် အမှတ်(၂၂) နတ်ဆိုးတပ်ရင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency