ကော့ကရိတ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ထံမှ တော်လှန်ရေးတပ်များက လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထား

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ထံမှ တော်လှန်ရေးတပ်များက လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထား
အောက်တိုဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ ကော့ရိတ်မြို့ကို KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာများအား တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း PDF တပ်ဖွဲ့များထံမှ သိရသည်။

၎င်းတို့၏ ပြောကြားချက်အရ စစ်ထောက်လှမ်းရေး(စရဖ)ရုံးနှင့် သတင်းရဲတပ်ဖွဲ့(SB)ရုံးတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများသည်ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ထိမှန်ပျက်စီးမှုရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

“တံတားဦးဘက်ကလူတွေ ထွက်မရဘူးကြားတယ်။ တံတားဦး တောင်ပေါ် ကျောင်းဘက်မှာပစ်တယ်လို့ သိရတယ်။ တံတားဦးဘက်ကလူတွေလည်း ထိထားတယ်ကြားတယ်။”ဟု ကော့ကရိတ်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၄)ရက်နေ့ကလည်း ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသဖြင့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူပေးခဲ့သည်။

#TachileikNewsAgency

Photo : Justice Soldier PDF