အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ကုန်းသာရွာသို့ PSLF/TNLA ထိပ်သီး ခေါင်းဆောင်များ သွားရောက်

အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ကုန်းသာရွာသို့ PSLF/TNLA ထိပ်သီး ခေါင်းဆောင်များ သွားရောက်
ဒီဇင်ဘာ 23, 2022 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများကို TNLA ထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်တွေ့ဆုံခဲ့ကြောင်း TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဒုဥက္ကဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမောဝ်၊ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်၊ အုပ်ချုပ်ရေး ဒုဌာနမှူး တားကုင်ခြီရ်နှင့် စည်းရုံးလှုံ့ဆော်ရေးမှူး တားမိုးဟိန်းတို့မှ ပျက်စီးဆုံးရှုံးသွားသည့် ကုန်းသာကျေးရွာသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ထိုဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းအပြင် ဒေသခံပြည်သူလူထုများ၏ နေအိမ်များနှင့် ကျေးရွာပြန်လည်ထူထောင်နိုင်ရန် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဟု TNLA ခေါင်း ဆောင်များက ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အပြင်းအထန်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရခြင်းဖြစ်သည်။

ဒီဇင်ဘာလ(၇)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ကုန်းသာရွာအနီးရှိ TNLA တပ်စခန်းအား   ရဟတ်ယာဉ် (၅)စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့်(၅)ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က Mi-17၊ Mi-35 ဂျက်လေယာဉ်ဖြင့် လေကြောင်း ပစ်ကူခဲ့သည့်အပြင် နမ့်ဆန်နှင့် မန်တုံမြို့မှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပေါင် ၅၀၀ ဗုံးဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အိမ် ခြေ(၆၀)နီးပါးရှိ ကုန်းသာကျေးရွာသည် ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့် ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA