စစ်ကောင်စီတပ်က လေကြောင်းမှ ၇ ကြိမ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပျက်စီးပြီး အရပ်သားတစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က လေကြောင်းမှ ၇ ကြိမ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပျက်စီးပြီး အရပ်သားတစ်ဦးဒဏ်ရာရ
အောက်တိုဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ခလယ်လွီထူခရိုင်နှင့် မူတြော်ခရိုင်နယ်စပ်တို့ရှိ အရပ်သားများ နေထိုင်ရာကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်သည် အောက်တိုဘာလ (၂၅)ရက်နေ့က တိုက်လေယာဉ်ဖြင့် လေကြောင်းမှ တိုက်ခိုက်မှု (၇)ကြိမ်ပြုလုပ်ခဲ့ရာ နေအိမ်တစ်လုံးပျက်စီးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိကြောင်း KNUဗဟိုထံမှ သိရသည်။ 

ဂျက်တိုက်လေယာဉ် (၃)စင်းဖြင့် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် ခေါလိုကလိုးကျေးရွာအား ဗုံးကြဲတိုက်ခိုက်မှု (၁)ကြိမ်၊ တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် (၁)ကြိမ် တိုက်ခိုက်ခဲ့ရာ နေအိမ်နှင့် အိမ်တွင်းရှိ ပစ္စည်းများ၊ ဓာတ်ဆီများ၊ ပရိဘောဂများ၊ အိမ်သာ၊ ဆိုလာပြား၊ အခြားပစ္စည်းများနှင့် ကျေးရွာကျန်းမာရေးအတွက် ထားရှိသည့် ဆေးဝါးများ ပျက်စီးခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ကွီးလားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်မှု (၁)ကြိမ်နှင့် တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကွီးလားကျေးရွာမှ အရပ်သားတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဆောထိမြို့နယ်အတွင်းရှိ တကက်ပူကျေးရွာကို နေ့လယ်(၁)နာရီခွဲတွင် (၁)ကြိမ်၊ ခလယ်လွီထူခရိုင်နှင့် မူတရော်ခရိုင်နယ်စပ်ရှိ ဘောကော်ကျေးရွာကို (၁)ကြိမ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ဆောထိမြို့နယ်ရှိ လိုးထာကျေးရွာ၊ သေခိုစယ်ဒဲကျေးရွာ၊ ဃော်လေးခိုကျေးရွာ၊ ဝါးခါဒဲကျေးရွာ၊ လိုခီးကျေးရွာ၊ ကော်မူဒဲကျေးရွာနှင့် စော်ရိုးခိုကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ (၁၇)ရက်နေ့တွင် လယ်ဒိုမြို့နယ်၌ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၆)ကြိမ်၊ ဂျက်တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် ပစ်ခတ်မှု (၆)ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ (၂၂)ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု (၇)ကြိမ်၊ အောက်တိုဘာလ (၂၅)ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၃)ကြိမ်နှင့် တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် ပစ်ခတ်မှု (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻