တောင်စွန်းစခန်း တော်လှန်ရေးတပ်များသိမ်းပိုက်၊ တပ်ရင်းမှူး ကိုယ်လွတ်ရုန်းထွက်ပြေး 

တောင်စွန်းစခန်း တော်လှန်ရေးတပ်များသိမ်းပိုက်၊ တပ်ရင်းမှူး ကိုယ်လွတ်ရုန်းထွက်ပြေး 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ (၂၈၄)အခြေစိုက် တောင်စွန်းစစ်စခန်းအား ယနေ့ ၂၀၂၄ ခုနှစ် မေလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ထံမှ သိရသည်။

တောင်စွန်းစခန်းအား ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ (၃)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

စခန်းသိမ်းရှင်းလင်းရာ လက်နက်ကြီး၊ လက်နက်ငယ်  (၄၀)ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆)ဦးသေဆုံးကာ တပ်ရင်းမှုးအပါ (၁၃)ဦး ထွက်ပြေးသွားသည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ MI35 (၅) ကြိမ်၊ Y12 ဗုံးကျဲလေယဥ်ဖြင့် (၂၃)ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာနှင့် ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ် (၅၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။



 

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

တောင်စွန်းတပ်စခန်းသည် စစ်ကောင်စီတပ်က နှစ်(၄၀)ကျော် အထိုင်ချတပ်စွဲထားသော တပ်စခန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF(P29999/အထူးတပ်ဖွဲ့)၊ lion battalion commando စစ်ကြောင်း၊ Federal Wingsနှင့် Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: အထူးစစ်ဆင်ရေးအဖွဲ့ - SOF