ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိ

ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိ
အောက်တိုဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ(၂)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက ရေးမြို့နယ်ရှိ ရေးတံတားကြီး စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်ကို ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ MSRF တပ်ဖွဲ့နှင့် ABSDF တပ်များ ပူးပေါင်း၍ နာရီဝက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ပြန်ဆုတ်ခွာလာရာ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြန်လည်ဆုတ်ခွာလာသည့် တော်လှန်ရေးတပ်ဖွဲ့များကို ရေးမြို့နယ်၊ ဝမ်ပေါင်ရွာနှင့် ကျုံလားရွာကြား၌ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်သဖြင့် တိုက်ပွဲ(၂)နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ RPG နှင့် စက်လက်များ အပါအဝင် သေနတ်မျိုးစုံ(၁၃)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရပြီး အသေးစိတ်အချက်အလက်ကို သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပါ။

#TachileikNewsAgency