အာဏာသိမ်းစစ်ကောင်စီတပ်က မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ KIAကိုစွပ်စွဲ

အာဏာသိမ်းစစ်ကောင်စီတပ်က မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ KIAကိုစွပ်စွဲ
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ ညပိုင်းက တိုက်ခိုက်မှုကို ၎င်းတို့မလုပ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုလိုက်သည်။

စစ်ဘေးရှောင် ကလေးငယ်များအပါအဝင် စုစုပေါင်း  (၃၀)ထက်မနည်း သေဆုံးခဲ့ရပြီး လူဦးရေ (၅၀)ကျော် ဒဏ်ရာရခဲ့သည့် တိုက်ခိုက်မှုအပြီး အောက်တိုဘာလ (၁၀)ရက်နေ့တွင် ၎င်းက ငြင်းဆိုလိုက်ပြီး  KIA၏ ဒရုန်းဗုံးများထားသည့်နေရာ ပေါက်ကွဲခြင်းဖြစ်နိုင်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါတိုက်ခိုက်မှုအား စစ်ကောင်စီတပ်က ပြုလုပ်ခဲ့ကြောင်း ပြောဆိုရေးသားခဲ့ကြပြီးနောက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းချက်ထုတ်ပြီးချိန်တွင် အဆိုပါဖြစ်ရပ်မှာ KIA လက်နက်စက်ရုံ ပေါက်ကွဲခြင်းဖြစ်သည်ဟု ရေးလာကြသည်ကို တွေ့ရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု(၁၆၀)ကျော်၊ လူဦးရေ(၇၀၀)ဝန်းကျင် နေထိုင်ကာ ပြီးခဲ့သည့် ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် (၂)ကြိမ် ပစ်ခတ်ခံခဲ့ရသည့်နေရာဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့် ပါဒေသတွင် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO/ KIA)ဖွဲ့စည်းမှုနှစ်ပတ်လည်နေ့အကြို ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIAရဲဘော်များအပါအဝင် အရပ်သား(၆၀)ကျော် သေဆုံးခဲ့ရသည်။

ယင်းအပြင် ၂၀၂၃ခုနှစ် ဧပြီလကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား (၁၇၀)ဦးကျော် သေဆုံးခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်နီဒေသတွင်လည်း စစ်ရှောင်စခန်းများကိုပါ တိုက်ခိုက်မှုများ လုပ်ခဲ့သည်ကို တွေ့ရသည်။

#TachileikNewsAgency