ဖရူဆိုမြို့နယ်ရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ ကလေးတစ်ဦးသေဆုံး

ဖရူဆိုမြို့နယ်ရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ ကလေးတစ်ဦးသေဆုံး
အောက်တိုဘာ 8, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်များနေထိုင်ရာ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဖရူဆိုမြို့နယ် အခြေစိုက်အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီး (၄)လုံးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNDF B 15ထံမှ သိရသည်။

အဆိုပါကျေးရွာအတွင်းသို့ လက်နက်ကြီး(၂)လုံး ကျရောက်ခဲ့ရာ တစ်လုံးမှာ စစ်ရှောင်မိသားစုနေထိုင်ရာ နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်းရှိ နေအိမ်(၂)လုံး ပျက်စီးခဲ့ပြီး ညနေပိုင်းတွင်လည်း ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီး(၂)လုံးဖြင့် အဆိုပါကျေးရွာကို ထပ်မံပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Karenni Nationalities Defense Force - KNDF/ B-15