NUG အနေဖြင့် အွန်လိုင်းနှင့် မြေပြင်ကျောင်းပေါင်း ၅၀၀၀ ကျော် ဖွင့်လှစ်ထားဟုဆို

NUG အနေဖြင့် အွန်လိုင်းနှင့် မြေပြင်ကျောင်းပေါင်း ၅၀၀၀ ကျော် ဖွင့်လှစ်ထားဟုဆို
အောက်တိုဘာ 5, 2023 | 2021 Military Coup

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အခြေခံပညာကဏ္ဍတွင် အွန်လိုင်းကျောင်း (၇၀)ကျော်နှင့် မြေပြင်သင်ကြားရေးကျောင်း(၅,၀၀၀)ကျော်ကို ၂၀၂၃ခုနှစ် ဧပြီလအထိ ဖွင့်လှစ်သင်ကြားနေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါစာသင်ကျောင်းများအတွက် အမေရိကန်ဒေါ်လာ (၁)သန်းကျော် ပညာရေးရန်ပုံငွေ ချထားပေးခဲ့ပြီး နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက ဆရာ၊ ဆရာမများ၏ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းအပြင် အခက်အခဲမျိုးစုံကို ရင်ဆိုင်အံတုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသဖြင့် ဂုဏ်ယူသည်ဟုလည်း ယာယီသမ္မတက ပြောသည်။

“အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်တဲ့အခါမှာ အန္တရာယ် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆရာ၊ ဆရာမများဟာ ဒီလိုအန္တရာယ်တွေ အခက်အခဲတွေကို မမှုဘဲ အမျိုးသားညီညွတ်ရေးအစိုးရက အကောင်ထည်ဖေါ်နေတဲ့ ပညာရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ ပါဝင်နေကြတာကိုလည်း မှတ်ကျောက်တင်ထားရမှာဖြစ်ပါတယ်။”ဟုလည်း ယာယီသမ္မတကပြောသည်။

စစ်အာဏာရှင်များသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ အတွေးအခေါ်၊ စံတန်ဖိုးများကို စနစ်တကျ ဖျက်ဆီးရန် လွှမ်းမိုးချုပ်ကိုင်ရန် ပညာရေးကို အစဉ်အဆက်အသုံးချခဲ့ပြီး ယခုကာလတွင်လည်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ဖျက်ဆီးမှုများကိုပါ တိုးမြှင့်လုပ်ဆောင်လာသည်ဟု ဆိုသည်။ 

 

စစ်ဘက် အရပ်ဘက် ပစ်မှတ်ခွဲခြားမှုမရှိဘဲ စာသင်ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ  ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်းဆီခြင်း၊ ဆရာ၊ ဆရာမများကို ဖမ်းဆီးအရေးယူခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်နေရာ Global Coalition to Protect Education from Attack (GCPEA)၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ  ၂ဝ၂၂ ခုနှစ်အတွင်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရသည့် ထိပ်ဆုံး(၃)နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟု ပြောသည်။

“စစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှု သက်သေအထောက်အထားတွေကို မှတ်တမ်းတင်ရယူပြီး တရားမျှတမှု ပြန်ယူဆောင်နိုင်ဖို့ ကျွန်တော်တို့အားလုံး တစိုက်မတ်မတ် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ဟာ တော်လှန်ရေးနဲ့အတူ နိုင်ငံတည်ဆောက်ရေးအတွက် တိုင်းပြည်ရဲ့ ပညာရေးကိုလည်း အလေးထား လုပ်ဆောင်နေပါတယ်။”ဟု ယာယီသမ္မတက ပြောသည်။

ပညာရေးနောက်ကျကျန်ရစ်နေခဲ့ပါက ကမ္ဘာကြီးနှင့် အမီလိုက်နိုင်ရန်ခဲယဉ်းခြင်းကြောင့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် ပညာရေးအခန်းကဏ္ဍမှ တော်လှန်ရေးတွင် တတ်စွမ်းသမျှ ပါဝင်ပေးကြရန်လည်း တောင်းဆိုထားသည်။

#TachileikNewsAgency