မယားငယ်နှင့်အတူ အချိန်ဖြုန်းနိုင်ရန်အတွက် ပြန်ပေးဆွဲခံရသည်ဟု ဖြစ်ရပ်အတု ဖန်တီးသူ ဩစတြေးလျအမျိုးသား ရဲတပ်ဖွဲ့၏ ရှာဖွေရေး ကုန်ကျစရိတ် ပြန်ပေးရ

မယားငယ်နှင့်အတူ အချိန်ဖြုန်းနိုင်ရန်အတွက် ပြန်ပေးဆွဲခံရသည်ဟု ဖြစ်ရပ်အတု ဖန်တီးသူ ဩစတြေးလျအမျိုးသား ရဲတပ်ဖွဲ့၏ ရှာဖွေရေး ကုန်ကျစရိတ် ပြန်ပေးရ
စက်တင်ဘာ 29, 2023 | နိုင်ငံတကာသတင်း
By Mr John

နှစ်သစ်ကူးအကြိုနေ့တွင် မယားငယ်နှင့်အတူ အချိန်ဖြုန်းနိုင်ရန်အတွက် ပြန်ပေးဆွဲခံရသည်ဟု ဖြစ်ရပ်အတု ဖန်တီးခဲ့သူ ဩစတြေးလျ အမျိုးသားတစ်ဦးကို ၎င်းအား ရှာဖွေရာ၌ ကုန်ကျခဲ့သည့် ရဲတပ်ဖွဲ့၏ ကုန်ကျစရိတ်များ ပြန်ပေးရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။ 

ပြန်ပေးဆွဲခံရသည်ဟု ဖြစ်ရပ်အတု ဖန်တီးခဲ့စဥ် ၎င်း၏ လက်တွဲဖော် အမျိုးသမီးက Paul ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် လိုက်လံရှာဖွေခဲ့ရသည့် နာရီပေါင်း(၂၀၀)ကြာ ရဲတပ်ဖွဲ့ လုပ်ငန်းစဥ်အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ဝန်းကျင်ကုန်ကျခဲ့ရကြောင်း သိရသည်။

Paul Iera အမည်ရှိ ထိုအမျိုးသားကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် New South Wales ပြည်နယ် Wollongong Local Court တရားရုံး၌ ကြားနာစစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့၏ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ဝန်းကျင်ကို  ပြည်နယ်အစိုးရထံ ပြန်ပေးသွင်းရန် တရားရုံးက အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အသက် (၃၅) နှစ်အရွယ် ကုန်သည်တစ်ဦးဖြစ်သူ Paul က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ၎င်း၏ မယားငယ်နှင့် တွေ့ဆုံရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး  Paul က ၎င်း၏လက်တွဲဖော် အမျိုးသမီးကိုမူ ငွေစာရင်းကိုင်နှင့် အစည်းအ‌ဝေးရှိကြောင်း လိမ်လည်ခဲ့သည်ဟု သိရသည်။

ထို့နောက် Paul နှင့် မယားငယ်တို့က Paul ၏ လက်တွဲဖော်ထံ မက်ဆေ့ချ် ပေးပို့ခဲ့ပြီး ပြန်ပေးဆွဲထားကြောင်းနှင့် ပြန်ပေးရွေးငွေကိစ္စ ပြောလာခဲ့သည်။ 

ထိုပြန်ပေးရွေးငွေကိစ္စ မက်ဆေ့ချ်တွင် Paul ကို ၎င်းထံ ပို့ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် နောက်တစ်နေ့ နံနက်အထိ ထိန်းသိမ်းထားမည်ဟု ပြောထားသည်။

စိုးရိမ်ပူပန်နေသည့် Paul ၏ လက်တွဲဖော် အမျိုးသမီးက ထိုကိစ္စကို ညသန်းခေါင် မတိုင်မီ မိနစ်ပိုင်းအလိုတွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ရဲအရာရှိများက စုံစမ်းစစ်ဆေးခဲ့ကြကြောင်း 9 News က ဖော်ပြသည်။ 

နောက်တစ်နေ့ (၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်) တွင် ရဲတပ်ဖွဲ့၏ လမ်းပိတ်ဆို့ စစ်ဆေးသည့် နေရာတစ်ခု၌ Paul နှင့် ၎င်း၏မယားငယ်ကို တွေ့ရှိသွားခဲ့သည်။

ထိုအချိန်အထိ ၎င်းကို အရှေ့အလယ်ပိုင်းဒေသမှ အမည်မသိ အမျိုးသားအုပ်စုတစ်ခုက ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း Paul က ပြောနေခဲ့သေးသည်။ 

သို့သော် (၁၂) ရက်ကြာပြီးနောက် အခြား လူတစ်ဦးကို စုံစမ်းစစ်ဆေးစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် စွပ်စွဲမှုဖြင့် Paul ကို ဖမ်းဆီးပြီး စွဲချက်တင်ခဲ့သည်။

ယခုအမှုတွင် Paul မှာ ထောင်ဒဏ်ချမှတ်ခံရခြင်း မရှိသော်လည်း ရဲတပ်ဖွဲ့၏ ကုန်ကျစရိတ်များ ပြန်ပေးသွင်းရန်အပြင် ရပ်ရွာကိစ္စများ (၃) နှစ်ကြာ လုပ်ဆောင်ရန်လည်း အမိန့်ချမှတ်ခံခဲ့ရသည်။ 

ထောင်ဒဏ်ချမှတ်မခံရမှုအတွက် Paul က ကျေနပ်ခဲ့ကြောင်း ၎င်း၏ကိုယ်စား ရှေ့နေ Abbas Soukie က ဆိုသည်။

 

Source: CNN