ရုရှားသမ္မတ ပူတင်နှင့် နီးစပ်သူ တစ်ဦး၏ သမီးဖြစ်သူ ကားဗုံးခွဲခံရပြီး သေဆုံး

ကားမီးလောင်နေပုံ နှင့် လက်ဇန္ဒားလက်ရင် နှင့် ၎င်း၏ သေဆုံးသူ သမီးပုံ
ကားမီးလောင်နေပုံ နှင့် လက်ဇန္ဒားလက်ရင် နှင့် ၎င်း၏ သေဆုံးသူ သမီးပုံ
ရုရှားသမ္မတ ပူတင်နှင့် နီးစပ်သူ တစ်ဦး၏ သမီးဖြစ်သူ ကားဗုံးခွဲခံရပြီး သေဆုံး
သြဂုတ် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး ကရင်မလင်မှ သဘောထားတင်းမာသည့် အုပ်စုဝင်တစ်ဦးဖြစ်သည့် လက်ဇန္ဒားလက်ရင်၏ သမီးဖြစ်သူမှာ မော်စကို၌ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားကြောင်း  တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားသည်။ 

ယူကရိန်းကျူးကျော်မှုကို ပေါ်ပေါ်တင်တင်အားပေးထောက်ခံသည့် လက်ရင်ကို ပစ်မှတ်ထားခြင်းဖြစ်နိုင်သည့် အဆိုပါတိုက်ခိုက်မှုတွင် ဖခင်၏ကားကိုမောင်းသည့် သမီးဖြစ်သူ သေဆုံးသွားခြင်းဖြစ်သည်ဟု ရုရှားမီဒီယာများ၏ ဖေါ်ပြချက်များအရ သိရသည်။

အလက်ဇန္ဒားလက်ရင်မှာ ထင်ရှားသည့် ရုရှားအစွန်းရောက် အမျိုးသားရေးဝါဒီတစ်ဦးဖြစ်ပြီး သမ္မတပူတင်နှင့် ရင်းနှီးသူဖြစ်ကာ ပူတင်၏ဦးနှောက်ဟု လူပြောများသူလည်း ဖြစ်သည်။ 

လက်ရင်သည် သမီးဖြစ်သူလတ်ရာနှင့်အတူ မြို့တော်မော်စကိုမြို့အနီး အိမ်ရာတစ်ခုတွင် ကျင်းပပြုလုပ်သည့် ပွဲတော်တွင်ရှိနေခဲ့ကြပြီး လက်ရင်က အဆိုပါပွဲတွင် ဟောပြောပို့ချနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနောက် သားအဖနှစ်ဦးက ကားတစ်စီးတည်းဖြင့် ဩဂုတ်လ (၂၀) ရက် ညနေပိုင်းတွင် အတူတူပြန်လာခဲ့ကြပြီး ပေါက်ကွဲမှုမဖြစ်ပွားမီ နောက်ဆုံးမိနစ်ပိုင်းအတွင်း လက်ရင်က သမီးဖြစ်သူနှင့် အတူမလိုက်တော့ဘဲ အခြားကားတစ်စီးဖြင့်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ 

Telegram တွင် တင်ထားသော အတည်မပြုနိုင်သည့် မှတ်တမ်းတစ်ခုအရ လက်ရင်သည် ကားမီးလောင်ပျက်စီးနေသည့် နေရာသို့ အရေးပေါ်ဝန်ထမ်းများ ရောက်ရှိလာစဥ် အံ့ဩတုန်လှုပ်စွာ ကြည့်နေခဲ့သည်ကို တွေ့ရသည်။

သတင်းသမားတစ်ဦးဖြစ်ပြီး ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခြင်းကို ပေါ်ပေါ်တင်ထောက်ခံသည့် သမီးဖြစ်သူ လတ်ရာသေဆုံးရသည့် ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေသည်ဟု သိရပြီး ယူကရိန်းပါဝင်သည်ဟု စွပ်စွဲထားသည်။

အဆိုပါ စွပ်စွဲမှုနှင့်ပတ်သက်၍ ယူကရိန်းကလည်း ပယ်ချထားသည်။

သေဆုံးသွားသည့် ရုရှားသတင်းသမား လတ်ရာသည် ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်၍ သတင်းမှားများ ဖြန့်ဝေသည်ဟု စွပ်စွဲခံထားရပြီး အမေရိကန်နှင့် ဗြိတိန်တို့က ယခုနှစ်အစောပိုင်းတွင် အရေးယူပိတ်ဆို့ခဲ့သည့် လူပုဂ္ဂိုလ်စာရင်းတွင် ပါဝင်သူလည်းဖြစ်သည်။

Source: BBC၊ CNA