ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ကို Cloud Wings ဒရုန်းတပ်ဖွဲ့က ဗုံးသီး ၁၀၀ကျော် အသုံးပြုတိုက်ခိုက်

ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ကို Cloud Wings ဒရုန်းတပ်ဖွဲ့က ဗုံးသီး ၁၀၀ကျော် အသုံးပြုတိုက်ခိုက်
စက်တင်ဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းစစ်ကြောင်းအား ၂၀၂၃ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့မှ (၂၂)ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီးအလုံးပေါင်း(၁၀၀)ကျော်ချတိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို Cloud Wings ဒရုန်းတပ်ဖွဲ့မှ (၈၁)မမ၊ (၆၀)မမ စသည့် ဗုံးသီး(၁၀၀)ကျော် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း Cloud Wingsဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစ်စီး ပျက်ကျခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ရရှိသွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်မ(၄၄) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၂) တပ်ရင်းများနှင့် BGFနယ်ခြားစောင့်တပ် အမှတ် (၁၀၂၁)တပ်ရင်းများ ပါဝင်ပြီး အဘစ်ကျေးရွာအခြေစိုက် အမြောက်တပ် အမတ(၃၁၈)မှ (၁၂၂)မမ ဟောင်ဝစ်ဇာအမြောက်များ၊ (၁၂၀)မမ လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူများဖြင့်လည်း ပစ်ကူပေးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ခလယ်တံခွန်တိုင်ရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး အရပ်သားနေအိမ်များကို ဖောက်ထွင်းဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်ခြင်း ရွာသားများအား ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။ 

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-(KNLA)၏ ဦးစီးဦးဆောင်မှုဖြင့် နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOFနှင့် Cloud Wingsဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency