မန္တလေးတိုင်းနှင့် ရှမ်းမြောက်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရရှိဟု TNLA ထုတ်ပြန်

မန္တလေးတိုင်းနှင့် ရှမ်းမြောက်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရရှိဟု TNLA ထုတ်ပြန်

မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။ 

မိုးကုတ်၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ နေရာ(၇)ခုတွင် စစ်ကောင်စီနှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLAဘက်က စစ်ကောင်စီတပ်စခန်း (၄)ခုကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုးကုတ်မြို့နယ်ရှိ TNLAတပ်ဖွဲ့များရှိရာ အောက်ညောင်ကုန်းရွာအနီးသို့ စစ်ကောင်စီတပ် တပ်မ(၄၄)၊ ခမရ(၁၀၂)၊ (၁၀၄)၊ လပခ/ခလရ (၈၈)တို့သည် နံနက်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့ပြီး အထက်ညောင်ကုန်းရွာနှင့် ကုန်းစံရွာအကြားကိုလည်း စစ်ကောင်စီတပ် လပခ/ခလရ(၈၈)က နေ့လယ်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်မှ ခိုမုန်းကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် TNLA အထူးကွန်မန်ဒိုတပ်ဖွဲ့က မူဆယ်မြို့ ဆိုင်ခေါင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

မိုးကုတ်မြို့တွင်လည်း TNLAတပ်ဖွဲ့က နေ့လယ်ပိုင်းတွင် ဖြူရောင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ညနေပိုင်းတွင် အောက်ညောင်ကုန်းရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် အထက်ညောင်ကုန်းနှင့် ကုန်းစံရွာအကြားရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

 

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ သေနတ်(၅)လက်၊ ပစ္စတို(၂)လက်၊ လက်ထောက်(၁)လက်၊ စက်လက်(၁)လက်၊ ၆၀ မမ (၅)လုံး၊ ဗုံး(၆)လုံးအပြင် အခြားလက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးမှုနှင့် အရပ်သားသေဆုံးမှုရှိခဲ့ပြီး မိုးကုတ်မြို့နယ်တွင် အရပ်သား(၄၀၀)ကျော်နှင့် မူဆယ်မြို့နယ်တွင် အရပ်သား (၃၄၀)ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo : News & Information Department