မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကို ဖျက်သိမ်းကြောင်း NUG ကြေညာ

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကို ဖျက်သိမ်းကြောင်း NUG ကြေညာ
စက်တင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် လည်ပတ်နေသည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းကို ဖျက်သိမ်းကြောင်း NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုသည် အများပြည်သူအကျိုးကို ဦးစားပေးရမည်ဖြစ်သော်လည်း စစ်ကောင်စီအပေါ် အကျိုးပြုနေသည်ဟု NUGက သုံးသပ်သဖြင့် အကြိမ်ကြိမ်သတိပေးခဲ့ရာ လိုက်နာခြင်းမရှိသဖြင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် လက်အောက်ခံအသင်းခွဲများကို ဖျက်သိမ်းကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ အသင်းနှင့် အသင်းခွဲများ၏ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေအားလုံးကို ထုတ်နှုတ်သုံးစွဲခြင်းမပြုရန်၊ လုပ်ငန်းရှင်တစ်ဦးချင်း၏ ပိုင်ဆိုင်မှုနှင့် စစ်ကောင်စီနှင့် တိုက်ရိုက်မပတ်သက်သော၊ အကျိုးစီးပွားအားဖြင့် ဆက်နွယ်မှုမရှိသော လုပ်ငန်းဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်မှုမရှိစေရဟုလည်းဖော်ပြထားသည်။

အမိန့်ထုတ်ပြန်ပြီးဖြစ်သော်လည်း စစ်ကောင်စီလက်အောက်တွင် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ အဖွဲ့အစည်းအမည်ကို ဆက်လက်အသုံးပြုနေသော လုပ်ငန်းရှင်၊ ဝန်ထမ်းများကို စစ်ကောင်စီအပေါ်‌ ထောက်ခံသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Ministry of Natural Resources and Environmental Conservation - NUG