ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်
စက်တင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်အား(၁၀၀)ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ယမန်နေ့ ဩဂုတ်လ (၃၁)ရက်နေ့ညက လောင်းရှည်ရွာတွင် ညအိပ်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် သံလမ်းတစ်လျှောက် လက်ပံလှအနောက်ဘက်ရွာ သန်းရွာအရှေ့မြောက်ဘက်သို့ စစ်ကြောင်းထိုးလာရာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၃၁)ရက်နေ့ ညနေပိုင်းက အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို လောင်းရှည်ရွာမြောက်ဘက်အဝင်တွင် ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  သေဆုံးစစ်ကောင်စီတပ်သားအလောင်းအား ရွာအတွင်း မီးရှို့အလောင်းဖျောက်ခဲ့သော်လည်း မီးရှို့ခံရသည့်အိမ်အတွင်းမှ အရိုးခေါင်းနှစ်ခုအပြင် ကိုယ်တွင်းအင်္ဂါများနှင့် စစ်ကောင်စီတပ်သုံး ၅.၅၆ ကျည်ဘောက်(၃)ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ကြောင့် ခင်ဦးတောင်ခြမ်းရှိ လောင်းရှည်၊ လက်ပံလှ၊ ရွာသန်း၊ ပေါက်တုံ၊ ကျီးကန်၊ ရေအေးကုန်းစသည့်ကျေးရွာများက ဒေသခံ(၆၀၀၀)ကျော်က ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo :ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး