ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်သက်သာစေရန် စစ်တပ်အင်အားကို လျှော့ချသွားမည်

ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်သက်သာစေရန် စစ်တပ်အင်အားကို လျှော့ချသွားမည်
By Mr John

 ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမည့် (၃) နှစ်အတွင်း စစ်သည်အင်အား (၇၀၀) ခန့် လျှော့ချသွားမည့် အစီအစဥ်ကို ထုတ်ပြန်လိုက်သည်။ 

ယခု ဗျူဟာမြောက် လုပ်ဆောင်မှုမှာ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်ပြီး စစ်သည်အင်အား လျှော့ချခြင်းကြောင့် ဘတ် (၃၄) သန်းအထိ အသုံးစရိတ် သက်သာစေမည်ဟုလည်း ခန့်မှန်းထားသည်။

၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးတွင် ယခု အစီအစဥ် အသေးစိတ်ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၅-၂၀၂၇ ဘဏ္ဍာနှစ်များအတွင်း လက်နက်ကိုင်တပ်ဖွဲ့အင်အား လျှော့ချသွားမည့် ကနဦး အဆင့်ကို ကောင်စီက သဘောတူညီခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောသည်။

ကာကွယ်ရေးဝန်ကြီး Sutin ၏ စစ်တပ်အင်အားလျှော့ချမည့် ရည်မှန်းချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြုလုပ်သည့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်မူကြမ်းနှင့် ပတ်သက်သည့် လွှတ်တော် ဆွေးနွေးမှုအတွင်း တင်ပြခဲ့သည်။ 

ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များတွင် အဆင့်မြင့် အရာရှိများ အရေအတွက်ကို ၂၀၂၇ ခုနှစ်တွင် (၅၀) ရာခိုင်နှုန်း သို့မဟုတ် (၃၈၀) ဦးခန့် လျှော့ချရန် ရည်ရွယ်သော စောစီးစွာ အငြိမ်းစားယူမှုနှင့် ပတ်သက်သည့် စည်းမျဥ်းအသစ်ကို ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။

ဌာနခွဲအချို့ကို ပေါင်းစည်းခြင်းဖြင့် ထပ်နေသော အလုပ်များ လျှော့ချရန် အစီအစဥ်ကိုလည်း ကာကွယ်ရေးကောင်စီက သဘောတူခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် Thanitpong Sirisawetsak က ၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် ပြောခဲ့သည်။ 

ဥပမာတစ်ခုအဖြစ် Office of the Secretary of the Reserve Personnel Committee နှင့် Recruitment Division, Department of Defence Resources တို့ကို ကာကွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ရုံး Office Permanent Secretary နှင့် ပေါင်းစည်းသွားမည် ဖြစ်သည်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ အင်အားလျှော့ချမည့် အစီအစဥ်အရ အဖွဲ့အစည်းအချို့ကိုလည်း ပြောင်းလဲဖွဲ့စည်းသွားမည်ဟု ဆိုသည်။ 

အာဆီယံနှင့် ပတ်သက်သည့် ASEAN Office of Defense Policy and Planning မှာ Office of International and ASEAN Cooperation ဖြစ်လာမည် ဖြစ်သည်။ 

ထို့အတူ Royal Initiative Project and Security Coordination Centre ကိုလည်း Royal Initiative Project Development Office အဖြစ် ပြောင်းလဲသွားမည်ဟု သိရသည်။

ကာကွယ်ရေးဝန်ကြီး Sutin က စစ်သားများ၏ အလုပ်တာဝန် ဖော်ပြချက်များနှင့် ပတ်သက်သည့် စည်းမျဥ်းများ ပြင်ဆင်ရန်လည်း Judge Advocate Gengeral's Department ကို ညွှန်ကြားထားကြောင်း ဆက်စပ်သတင်းတွင် ဖော်ပြသည်။ 

စစ်မှုထမ်းဥပဒေအရ ရေတပ်၌ တာဝန်ထမ်းဆောင်ခဲ့ရသူ စစ်သည်ဟောင်းတစ်ဦးက ၂၀၂၄ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခု ပျံ့နှံ့လာပြီးနောက် ကာကွယ်ရေးဝန်ကြီး၏ ထိုညွှန်ကြားချက် ထွက်လာခြင်း ဖြစ်သည်။

စစ်မှုထမ်း ဥပဒေအရ ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ရစဥ် အဆိုပါ စစ်သည်က အရာရှိတစ်ဦး၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရပြီး အရာရှိ၏ ဇနီးဖြစ်သူ၏ အတွင်းခံ အဝတ်အစားများကို လျှော်ဖွတ်ပေးရကြောင်း ၎င်းက ထုတ်ဖော်ပြောခဲ့သည်။ 

၎င်းတို့၏ အထက်အရာရှိများ နေအိမ်တွင် အလုပ်လုပ်ရန် လိုအပ်သည့် စစ်မှုထမ်းများအတွက် တရားဝင် အလုပ်ဖော်ပြချက်တစ်ခု ရှိရမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။

 

Source: Bangkok Post