စပိန်အမျိုးသမီး ဘောလုံးအသင်းခေါင်းဆောင်ကို ဂုဏ်ပြု ဇွတ်အနမ်းပေးခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အား FIFA က ဆိုင်းငံ့ ပြစ်ဒဏ်ချ

စပိန်အမျိုးသမီး ဘောလုံးအသင်းခေါင်းဆောင်ကို ဂုဏ်ပြု ဇွတ်အနမ်းပေးခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အား FIFA က ဆိုင်းငံ့ ပြစ်ဒဏ်ချ
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် စပိန်နိုင်ငံ ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ  ကွင်းလယ်တိုက်စစ် ကစားသမား ဂျင်းနီဟာမိုဆိုကို အောင်ပွဲဂုဏ်ပြုသည့် အနေဖြင့် နှုတ်ခမ်းချင်းတေ့ ဇွတ်အတင်း အနမ်းပေးခဲ့သူ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လူးဝစ် လူဘီယာလက်စ်အား ဘောလုံးအားကစားနှင့် ဆက်နွယ်သည့် လှုပ်ရှားမှုအားလုံး လုပ်ဆောင်ခြင်း မပြုရန် (၃) လကြာ ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့တွင် ထုတ်ပြန်သည်။

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လူးဝစ်ကို ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဘောလုံးအားကစားနှင့် ဆက်နွယ်သည့် လှုပ်ရှားမှုများကနေ ဆိုင်းငံ့လိုက်ကြောင်းနှင့် ထိုဆိုင်းငံ့မှုမှာ  ဩဂုတ်လ (၂၆) ရက်နေ့မှစ၍ ချက်ချင်း သက်ရောက်ကြောင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ အိုင်ဗင် ပလာစီယို၏ အရေးယူဆောင်ရွက်ချက်နှင့် ပတ်သက်၍ FIFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

FIFA က လူးဝစ်၏ လုပ်ရပ်ကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အမှုကိစ္စအဖြစ် အရေးယူ‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 ဩဂုတ်လ (၂၀) ရက်နေ့က ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဥ်ပြိုင်ကစားခဲ့သော အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဥ်၌ စပိန်အသင်းက အင်္ဂလန်အသင်းကို (၁) ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။

စပိန်အသင်း ဗိုလ်စွဲခဲ့ပြီးနောက် အောင်ပွဲခံမှုအတွင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လူးဝစ်က စပိန်အသင်းခေါင်းဆောင် ဂျင်းနီကို ဇွတ်အတင်း ပွေ့ဖက်ကာ အနမ်းပေးခဲ့ခြင်း ဖြစ်သည်။ 

ဂျင်းနီကမူ သူမ အလိုမတူသော လူးဝစ်၏ အနမ်းပေးသည့် ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သည်။ ထိုဖြစ်ရပ်အပြီးတွင် လူးဝစ်ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများရှိလာခဲ့သော်လည်း ၎င်းက နုတ်ထွက်မည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။

 

Source: Reuters