ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ (၁)ဘီလီယံဖိုး လက်နက်များ US ပေးပို့ကူညီမည်

ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ (၁)ဘီလီယံဖိုး လက်နက်များ US ပေးပို့ကူညီမည်
By Mr John

ရုရှားနှင့်စစ်ဖြစ်နေသည့် ယူကရိန်းအတွက် သင်္ဘောဖျက်ဒုံးကျည်စနစ်များ၊ အမြောက်ဒုံးကျည်များ၊ ဟောင်ဝစ်ဇာအမြောက်ကြီးများနှင့် ခဲယမ်းများ အပါအဝင် ဒေါ်လာ (၁) ဘီလီယံဖိုး လက်နက်ခဲယမ်းများ ပေးပို့ကူညီသွားမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဇွန်လ (၁၅) ရက်နေ့တွင် ကြေညာသည်။ 

ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် ဖုန်းဆက်သွယ်မှုအတွင်း လက်နက်သစ်များ ပေးပို့သွားမည့်အကြောင်း ထည့်သွင်းပြောခဲ့သည်ဟု ဆိုသည်။

"အမေရိကန်က နောက်ထပ် အမြောက်များနှင့် ကမ်းရိုးတန်းကာကွယ်ရေးလက်နက်များ၊ အမြောက်ကျည်များနှင့် ခေတ်မီ ဒုံးကျည်စနစ်များ အပါအဝင် ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ (၁) ဘီလီယံဖိုး လုံခြုံရေးအကူအညီ ပေးသွားပါမယ်" ဟု သမ္မတဂျိုးဘိုင်ဒန်က ဇီလန်းစကီးနှင့် (၄၁) မိနစ်ကြာ ဖုန်းပြောမှုအပြီး ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ထို့အတူ ယူကရိန်းပြည်သူများကို ကူညီရန် ဘေးကင်းသော သောက်သုံးရေ၊ အရေးကြီး ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ၊ အမိုးအကာနှင့် မိသားစုများအတွက် မရှိမဖြစ် ပစ္စည်းများဝယ်ရန် ငွေသားအပါအဝင် ဒေါ်လာ (၂၂၅) သန်းဖိုး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသွားမည်ဟုလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့သည်။

အမေရိကန်က ယခုနောက်ဆုံး ယူကရိန်းသို့ ပေးပို့သွားမည့် လက်နက်နှင့် အကူအညီများတွင် ဟောင်ဝစ်ဇာအမြောက် (၁၈) လက်နှင့် ၎င်းတို့အတွက် အမြောက်ကျည် ၃၆,၀၀၀၊ Harpoon ကမ်းရိုးတန်းကာကွယ်ရေးစနစ် (၂) ခု၊ အမြောက်ဒုံးကျည်များ၊ လုံခြုံမှုရှိသည့် ရေဒီယိုဆက်သွယ်ရေးစက်များ၊ ထောင်နှင့်ချီသည့် ညကြည့်ကိရိယာများနှင့် လေ့ကျင့်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့ ပါဝင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဆိုသည်။

Source: Reuters