ထိုင်းနိုင်ငံ ပိုင်ခလိုင်နယ်စပ်ဘက်သို့ စစ်ကောင်စီတပ်သား ၂၇ ဦး ယနေ့ထပ်မံထွက်ပြေး

ထိုင်းနိုင်ငံ ပိုင်ခလိုင်နယ်စပ်ဘက်သို့ စစ်ကောင်စီတပ်သား ၂၇ ဦး ယနေ့ထပ်မံထွက်ပြေး

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကျိုက်ဒုံဘက်၌ တိုက်ပွဲဖြစ်နေပြီး ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား (၂၇)ဦး ထိုင်းနိုင်ငံ၊ ပိုင်ခလိုင်နယ်စပ်သို့ ထပ်မံထွက်ပြေးသဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။ 

ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား (၂၇)ဦးသည် ပိုင်ခလိုင်နယ်စပ်ဘက်သို့ ထပ်မံထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“ဒီနေ့ မနက်ဘဲ စစ်ကောင်စီတပ်သား (၂၇)ယောက်ထပ်ရောက်လာတယ်။ အခုလေးတင်ပဲ ရောက်တယ်။ ပြီးခဲ့တဲ့ နေ့က (၄၀)ကျော်မိတဲ့နေရာမှာပဲ ထပ်မိတာ။  ထိုင်းရဲတွေ၊ လ.ဝ.ကတွေကတော့ လိုက်သွားကြပြီ။ (၂၇)ဦးဆိုပေမယ့် အရေအတွက်ကတော့ ပြောင်းလဲနိုင်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ထပ်မံထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား(၂၇)ဦးအား ထိုင်းအာဏာပိုင်များဘက်က စီစစ်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်ကို Tachileik News Agencyက ထပ်မံစုံစမ်းနေသည်။

ပြီးခဲ့သည့် မတ်လ(၁၉)ရက်နေ့ကလည်း ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းနှင့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းတို့အား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOFက ထုတ်ပြန်သည်။ 

KNLAနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တို့သည် ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် KNU တပ်မဟာ (၆)နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ် စကခ (၁၉)လက်အောက်ခံ ခမရ(၅၅၇)၊ (၅၅၈) တပ်သားများ အထိုင်ချတပ်စွဲထားသော မဲသရောထစခန်းကုန်းအား မတ်လ (၁၅)ရက်နေ့မှစ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၈)ရက်နေ့တွင် ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့သည်ဟု သိရသည်။

ထို့နောက် မတ်လ (၁၉)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ထပ်မံအချေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအား ပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ခဲ့ရာ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးအလောင်း(၅)လောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း (၆၁)လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကျန်ရှိနေသာ စစ်ကောင်စီတပ်သား (၅၀)ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။

#TachileikNewsAgency