ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချရာ KTVပစ်ခတ်ခံရကာ ရဲနှင့်သတင်းပေးများ သေဆုံး

ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချရာ KTVပစ်ခတ်ခံရကာ ရဲနှင့်သတင်းပေးများ သေဆုံး

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် စစ်ကောင်စီတပ်များ အထိုင်ချရာ KTVကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ ညပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ(၂)ဦးနှင့် ရဲသတင်းပေး(၂)ဦးတို့ သေဆုံးကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီတပ်သားများအထိုင်ချရာ KTVကို PDFပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အိမ်စီးကားတစ်စီးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ယင်းဖြစ်စဉ်တွင် လက်နက်ငယ်ဖြင့် (၁၃)ချက်ခန့် ပစ်ခတ်ခံရပြီး ရီမုမိုင်းတစ်လုံး ဖောက်ခွဲခံရကာ ရဲတပ်ကြပ် လင်းလင်းထိုက်သည် ယာဘက်ဝမ်းဗိုက်နှင့် ဘယ်ဘက်ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရဲတပ်သား အောင်ကျော်ထက်သည် ဘယ်ဘက်ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဘက်လက်ဖျံ သေနတ်ထိမှန် ဒဏ်ရာ(၃)ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး KTVလုပ်ငန်းပိုင်ရှင် ဉာဏ်ဝေအောင်လည်းသေဆုံးသွားသည်ဟု ဖော်ပြထားသည်။ သေဆုံး၊ ဒဏ်ရာရသူများအား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။

#TachileikNewsAgency