တနိုင်းမြို့နယ် ဝါရာဇွပ်ပြည်သူ့စစ် တပ်စခန်းများကို KIAမှ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် ပြည့်သူ့စစ်(၃)ဦးကို အသုဘချ

တနိုင်းမြို့နယ် ဝါရာဇွပ်ပြည်သူ့စစ် တပ်စခန်းများကို KIAမှ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် ပြည့်သူ့စစ်(၃)ဦးကို အသုဘချ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှဒူးဇွပ်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ် တပ်စခန်း (၃)ခုကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် KIAက တိုက်ခိုက်ခဲ့ပြီး‌နောက် သေဆုံးသူများ၏ အမိန့်ပြန် အသုဘပြုလုပ်ခဲ့သည့် ရုပ်သံအား ဝါရာဇွပ်ပြည်သူ့စစ်က ဇူလိုင်လ (၁၂)ရက်နေ့တွင် ဖော်ပြလာသည်။

ဝါရာဇွပ်ပြည်သူ့စစ်၏ ဖော်ပြချက်တွင် အင်အား(၄၀၀)ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သော်လည်း မိမိတို့စခန်းနှင့် လက်နက် ရန်သူ့ထံမကျရောက်စေရေး စွမ်းစွမ်းတမံ ခုခံကာကွယ်ရင်း သေဆုံးသွားသည့် (၃)ဦးကို သဂြိုလ်ပြီးစီးခဲ့ပြီး ၎င်း(၃)ဦးအတွက် တစ်ဦးလျှင်သိန်း (၁၀၀)နှင့် မူရင်းလစာများအတိုင်း မိသားစုဝင်များအား တစ်နှစ်တိတိ ထုတ်ယူခံစားခွင့်ပြုခဲ့သည်ဟုဆိုသည်။

၎င်းတို့၏ အမိန့်ပြန်တမ်းတွင် ရှဒူးဇွပ်စခန်းမှူး ငြိမ်းကိုကို၊ ဒုစခန်းမှူး ဖြိုးမင်းအောင်၊ တပ်သား ရန်အောင်လွင်တို့ပါရှိကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ် ပြည်သူ့စစ်တပ်စခန်း (၃)ခုအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ အမှတ်(၁၄)တပ်ရင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဝါရာဇွပ်ပြည်သူ့စစ်မှ ထိခိုက်သေဆုံးသူများခဲ့ပြီး မင်းဇေသန့်လည်း ဒဏ်ရာရကာ စခန်းစွန့်ထွက်ပြေးသွားကြောင်း သိရသည်။

ပြည့်သူစစ်များ ထိခိုက်သေဆုံးသူများသဖြင့် စစ်ကောင်စီတပ်  ခလရ(၂၉၇)တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ရာ ရှဒူးဇွပ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်များနှင့် ဘုရားကျောင်းတို့ ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency