အာဆင်နယ်က ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅) သန်းဖြင့် ဒီကလန်ရိုက်စ်ကိုခေါ်ယူရန် ဝက်စ်ဟမ်းနှင့် သဘောတူညီမှုရ

အာဆင်နယ်က ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅) သန်းဖြင့် ဒီကလန်ရိုက်စ်ကိုခေါ်ယူရန် ဝက်စ်ဟမ်းနှင့် သဘောတူညီမှုရ
By Mr John

 အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း အာဆင်နယ်က ဝက်စ်ဟမ်းအသင်း ခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၅) သန်းဖြင့် ကမ်းလှမ်းထားမှု သဘောတူညီမှုရရှိခဲ့ပြီဟု ဆိုသည်။ 

အာဆင်နယ်က အသက် (၂၄) နှစ်အရွယ် ရိုက်စ်အတွက် တတိယအကြိမ် ကမ်းလှမ်းမှုကို (၄၈) နာရီအတွင်း ပြုလုပ်သွားမည်ဟု Mail Sport သတင်းက ၂၀၂၃ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် ဖော်ပြခဲ့သည်။ 

ယခုနောက်ဆုံး သတင်းများအရ အာဆင်နယ်နှင့် ဝက်စ်ဟမ်းတို့ကြား ရိုက်စ်အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှုရရှိခဲ့ပြီဟု သိရသည်။

ယခုကမ်းလှမ်းမှုကို ဝက်စ်ဟမ်းက လက်ခံပြီး ၎င်းအား အသင်းမှထွက်ခွာခွင့်ပြုရန် ကွင်းလယ်ကစားသမား ရိုက်စ်က ဝက်စ်ဟမ်းကို တောင်းဆိုသွားမည်ဟု အစောပိုင်းတွင် သတင်းများ ဖော်ပြခဲ့သည်။ 

အာဆင်နယ်က ပြောင်းရွှေ့ကြေး ပေါင် သန်း (၁၀၀) နှင့် အပိုထပ်ဆောင်းဆုကြေး ပေါင် (၅) သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းကြောင့် ကွယ်လယ်ကစားသမား ရိုက်စ်မှာ ပရီးမီးယားလိဂ်တွင် တန်ဖိုးအကြီးဆုံး ဗြိတိသျှကစားသမား ဖြစ်လာမည်ဟု ဆိုသည်။

ပြိုင်ဘက် မန်ချက်စတာစီးတီးက ရိုက်စ်ကို ပေါင် သန်း (၈၀) နှင့် အပိုထပ်ဆောင်းဆုကြေး ပေါင် (၁၀) သန်းဖြင့် ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းက ပယ်ချခဲ့ပြီးနောက် နာရီပိုင်းမျှအကြာတွင် အာဆင်နယ်က စုစုပေါင်း ပေါင် (၁၀၅) သန်းဖြင့် တတိယအကြိမ် ကမ်းလှမ်းခဲ့ခြင်းလည်း ဖြစ်သည်။ 

မန်စီးတီးကမူ ရိုက်စ်ကို ခေါ်ယူရန် လက်လျှော့လိုက်ပြီဟု ကြေညာသည်။

ဝက်စ်ဟမ်းက အင်္ဂလန်လက်ရွေးစင် ကွယ်လယ်ကစားသမား ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း (၁၀၀) ဟု သတ်မှတ်ထားခဲ့သည်။ 

အပြောင်းအရွှေ့ အောင်မြင်ခဲ့ပါက ရိုက်စ်ဟာ ဗြိတိန်သျှ ဘောလုံးကလပ်အသင်း (၂) ခုကြား အကြီးမားဆုံး အပြောင်းအရွှေ့ ဖြစ်လာမည်ဟု ဆိုသည်။

 ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် မန်စီးတီးက အက်စတွန်ဗီလာမှ ဂျက်ခ်ဂရီလစ်ကို ပေါင် သန်း (၁၀၀) ဖြင့် ဝယ်ယူခဲ့မှုကို ကျော်လွန်၍ စံချိန်သစ်တင်မည် ဖြစ်သည်။

အာဆင်နယ်နှင့် မန်စီးတီးတို့အပြင် မန်ချက်စတာယူနိုက်တက်ကပါ ကွယ်လယ်ကစားသမား ရိုက်စ်ကို စိတ်ဝင်စားမှုရှိနေသော်လည်း ထိုကစားသမား ခေါ်ယူမှုပြိုင်ပွဲတွင် ပါဝင်လာခြင်းမရှိပေ။

 ရိုက်စ် အသက် (၇) နှစ်အရွယ် ၂၀၀၆ ခုနှစ်တွင် ချယ်ဆီးဘောလုံးအကယ်ဒမီသို့ စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် အသက် (၁၄) နှစ်အရွယ်တွင် ဝက်စ်ဟမ်းဘောလုံးအကယ်ဒီသို့ ရောက်ရှိခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် ၎င်း၏အသက် (၁၈) နှစ်အရွယ်တွင် ဝက်စ်ဟမ်းနှင့်အတူ စတင်ပွဲထွက်ကစားခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း (၂၄၅) ပွဲ ကစားပြီး (၁၅) ဂိုး သွင်းယူခဲ့သည်။ 

ရိုက်စ်က ၂၀၁၈ ခုနှစ်တွင် အိုင်ယာလန်အသင်းအတွက် နိုင်ငံ့လက်ရွေးစင်အဖြစ် (၃) ကြိမ် ကစားခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းသို့ ရောက်ရှိလာခဲ့ကာ အင်္ဂလန်အတွက် (၄၃) ပွဲ ပါဝင်ကစားခဲ့ကြောင်း သိရသည်။

 

Source: The Sun