ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အာဏာသိမ်းစစ်ကောင်စီက ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနဲလ်ကို ပြန်လွှတ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးဆိုင်ရာ အထူးအကြံပေး ဒေါက်တာ ရှောင်တာနဲလ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးဆိုင်ရာ အထူးအကြံပေး ဒေါက်တာ ရှောင်တာနဲလ်
ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အာဏာသိမ်းစစ်ကောင်စီက ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနဲလ်ကို ပြန်လွှတ်
ဖေဖော်ဝါရီ 7, 2022 | နိုင်ငံတကာသတင်း

အာဏာသိမ်းစစ်ကောင်စီက တစ်နှစ်ကြာ ဖမ်းဆီးထားသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ယမန်နေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း Khmer Times သတင်းတွင် ယနေ့ဖေါ်ပြထားသည်ကို တွေ့ရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သည့် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွိုင်ယာတက္ကသိုလ်၏ စီးပွားရေးပါမောက္ခတစ်ဦးဖြစ်သူ ရှောင်တာနဲလ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းခံရချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဝန်ကြီးများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ပါမောက္ခရှောင်တာနဲလ်ကို မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုဖြင့်ဟုဆိုကာ အမှုဖွင့်ထားခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ် (၁၄)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပါမောက္ခရှောင်တာနဲလ်လွတ်မြောက်ရေးအတွက် ဩစတေးလျအစိုးရက ကမ္ဘောဒီးယားဝန်ကြီးချုပ်မှတစ်ဆင့် အာဏာသိမ်းခေါင်းဆောင်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု Khmer Times သတင်းကဖေါ်ပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ((၇) ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်လာရောက်တွေ့ဆုံစဉ်အတွင်း ဩစတေးလျအစိုးရ၏ တောင်းဆိုချက်ကို မြန်မာစစ်ခေါင်းဆောင်သို့ ပြောကြားခဲ့ရာ မြန်မာစစ်ခေါင်းဆောင်က တိုးတက်မှုရလဒ်ပြစရာအဖြစ် သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပါမောက္ခရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးရန်  သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ မတရားဖမ်းဆီးထိန်းသိမ်းမှုနှင့်ပတ်သက်၍  မြန်မာနှင့်  နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်ချက်များအား ရပ်ဆိုင်းကြောင်း သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မာရိုက်စ်ပိန်းက ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။



Ref: Khmer Times

 

Update: 

ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်ကို ပြန်လွှတ်သည့်သတင်းကို အာဏာသိမ်းစစ်ကောင်စီ ငြင်းဆို

 

အာဏာသိမ်းစစ်ကောင်စီက ဖမ်းထားသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်ကို  ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့်   ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားသတင်းဌာနတစ်ခုဖြစ်သည့် Khmer Times သတင်းတွင် ယနေ့ဖေါ်ပြလာသော်လည်း မစ္စတာရှောင်တာနဲလ်ကို ပြန်လွှတ်ရန်မရှိကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အတည်ပြုသည်ဟု BBC သတင်းဌာန၏ SE Asia Correspondent ဖြစ်သူ Jonathan Head က တွစ်တာတွင် ရေးသားထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူထံ Tachileik News Agency အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါ။

#TachileikNewsAgency