ရေဦးမြို့ ‌ဖိန်းကားကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျကာ ဆန်စက်နှင့် ကျွဲ(၃)ကောင် ထိခိုက်ဒဏ်ရာရ

ရေဦးမြို့ ‌ဖိန်းကားကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျကာ ဆန်စက်နှင့် ကျွဲ(၃)ကောင် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေဦးမြို့ ‌ဖိန်းကားကျေးရွာအတွင်းသို့ ၂၀၂၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ကာ ကျွဲ(၃)ကောင် ဒဏ်ရာရပြီး ဆန်စက်ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်၊ ပျူစောထီးနှင့် ရဲများသည် နေ့စဉ် ညတိုင်း (၁၂၀)မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ယမန်နေ့ ညပိုင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်လုံး ဖိန်းကားကျေးရွာရှိ နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျွဲ(၃)ကောင် ဒဏ်ရာရကာ နောက်တစ်လုံးမှာ ဆန်စက်ပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် သွပ်မိုးများနှင့် ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

"သူတို့က မြို့ထဲမှာနေပြီး မြို့အပြင်ဘက်ကို (၁၂၀)မမနဲ့ နေ့တိုင်းလိုလို လှမ်းပစ်ပါတယ်။ ခြောက်လှန့်တဲ့သဘောပေါ့ဗျာ။"ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေဦးမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့ကလည်း ရေဦးမြို့ရှိ စစ်ကောင်စီတပ်များသည် (၁၂၀)မမ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း အရပ်သားထိခိုက်မှု မရှိခဲ့ဟု သိရသည်။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်