မန်ယူဘက်က မေဆန်မောင့် အတွက် ပေါင်း(၅၅)သန်းဖြင့် တတိယအကြိမ် ကမ်းလှမ်းသော်လည်း ချယ်ဆီးက ပယ်ချ

မန်ယူဘက်က မေဆန်မောင့် အတွက် ပေါင်း(၅၅)သန်းဖြင့် တတိယအကြိမ် ကမ်းလှမ်းသော်လည်း ချယ်ဆီးက ပယ်ချ
By Mr John

 မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်အသင်းက အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်ဆီးအသင်း၏ ကွင်း လယ်ကစားသမား မေဆန်မောင့် (Mason Mount) အတွက် ပေါင် (၅၅) သန်းခန့်ဖြင့် တတိယအကြိမ် ကမ်းလှမ်းခဲ့မှုကို  ချယ်ဆီးက ပယ်ချလိုက်သည်။ 

ချယ်ဆီးက မန်ယူ၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါက ကစားသမား အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးညှိနှိုင်းများ ဆက်လုပ်တော့မည် မဟုတ်ကြောင်းလည်း မန်ယူဘက်က သတိပေးထားခဲ့သည်များလည်း ရှိခဲ့သည်။ 

ချယ်ဆီးအသင်းက အသက် (၂၄) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် မေဆန်မောင့်ကို ပေါင် သန်း (၇၀) ဈေးသတ်မှတ်ထားခဲ့ပြီး အနည်းဆုံး ပေါင် (၅၈) သန်း ရလိုသည်ဟု ဆိုသည်။

ချယ်ဆီးအနေဖြင့် ယခုအချိန်တွင် မေဆန်မောင့် အပြောင်းအရွှေ့ကိစ္စ အထ မမြောက်ခဲ့ပါက အသင်းနှင့် စာချုပ်သက်တမ်း (၁၂) လသာ ကျန်ရှိတော့သည့် ကွင်းလယ်လူကို ဇန်နဝါရီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဥရောပကလပ်အသင်းများက တန်းစီနေကြသည်။



မန်ယူက မေဆန်မောင့်အတွက် ပထမအကြိမ် ပေါင် သန်း (၄၀)၊ ဒုတိယအကြိမ် ပေါင် သန်း (၅၀) နှင့် တတိယအကြိမ်တွင် ပေါင်(၅၅)သန်းဖြင့် အကြိမ်ကြိမ် ကမ်းလှမ်းသော်လည်း ချက်ဆီးဘက်က မန်ယူ၏ ကမ်းလှမ်းချက်များကို ပယ်ချလိုက်ခြင်း ဖြစ်သည်။ 

မန်ယူနည်းပြ အဲရစ်တန်ဟတ်က မေဆန်မောင့်ကို နွေရာသီအပြောင်းအရွှေ့ကာလတွင် ၎င်း၏ ပထမဆုံး စာချုပ်ခေါ်ယူသော ကစားသမားဖြစ်လာရန် လိုလားနေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းကို အင်အားတောင့်တင်းစေရန် ပြင်ဆင်နေသည်။ 

အပြောင်းအရွှေ့ကိစ္စတွင် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာအရ ပြဿနာရှိမည် မဟုတ်ဘဲ ကစားသမားအနေဖြင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လိုသည်ဟု မန်ယူက ယုံကြည်ထားသည်။

ကွင်းလယ်ကစားသမား မေဆန်မောင့်က ၂၀၁၉ ခုနှစ်တွင် ချယ်ဆီးအသင်းနှင့်အတူ စတင်ကစားခဲ့ပြီးနောက် ပွဲစဥ် (၁၉၅) ပွဲ ပါဝင်ကစားပြီး (၃၃) ဂိုး သွင်းယူထားသည်။

 ပြီးခဲ့သည့် ပရီးမီးယားလိဂ်ရာသီကုန် ပွဲစဥ်များတွင်မူ ဒဏ်ရာကြောင့် မေဆန်မောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိဘဲ ချယ်ဆီးအသင်းမှာလည်း (၂၅) နှစ်ကျော်အတွင်း အမှတ်ပေးဇယားတွင် အနိမ့်ဆုံးအဆင့်အဖြစ် အဆင့် (၁၂) နေရာသို့ ရောက်ရှိခဲ့သည်။

မေဆန်မောင့်က အင်္ဂလန်အသင်းအတွက် နိုင်ငံတကာပွဲစဥ် (၃၆) ပွဲ ကစားခဲ့ပြီး (၅) ဂိုးသွင်းယူထားသည်။ 

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းတွင် ပါဝင်ခဲ့သည်။ 

ချယ်ဆီးဘောလုံးအကယ်ဒမီထွက် မေဆန်မောင့် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ၌ နယ်သာလန် ဘောလုံးကလပ် Vitsse တွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး နယ်သာလန်လိဂ် Eredivisie ပွဲစဥ် (၂၉) ပွဲတွင် (၉) ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။

 

Source: Daily Mail