ထိုင်းတောင်ပိုင်းတွင် ရုတ်တရက် ရေကြီးမှုအတွင်း မြန်မာတစ်ဦး မျောပါသေဆုံး

ထိုင်းတောင်ပိုင်းတွင် ရုတ်တရက် ရေကြီးမှုအတွင်း မြန်မာတစ်ဦး မျောပါသေဆုံး
By Mr John

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ပြည်နယ်အတွင်း ရုတ်တရက် ရေကြီးမှုအတွင်း မြန်မာနိုင်ငံသားတစ်ဦး မျောပါသေဆုံးခဲ့ကြောင်း သိရသည်။

ထိုပြည်နယ်အတွင်း ရုတ်တရက် ရေကြီးမှုများကြောင့် ခရိုင်သုံးခုတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ စိုင်းရှဲန် အမည်ရှိ အသက် (၃၀) နှစ်အရွယ် မြန်မာနိုင်ငံသား၏ အလောင်းကို မေလ (၇) ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။



၎င်းသည် ထိုနေ့က Tha Chang ခရိုင်အတွင်း ရေကြီးနေသည့်နေရာတွင် ဆိုင်ကယ်မောင်းနှင်သွားခဲ့ပြီနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း လူထုဆက်ဆံရေးဌာနက မေလ (၈) ရက်နေ့တွင် ထုတ်ပြန်သည်။

ဆူရတ်ဌာနီ ပြည်နယ်ရှိ Tha Chang ၊ Chaiya နှင့် Wipawadi ခရိုင်တို့တွင် မေလ (၇) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေခဲ့သည်။ Wipawadi ခရိုင်တွင် ရေကြီးမှု အဆိုးဆုံးဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် တားဆီးရေးနှင့်လျှော့ချရေးဌာနက ပြောသည်။



ထိုခရိုင်သုံးခုတွင် ရေများလျော့ကျသွားပြီဖြစ်ပြီး အာဏာပိုင်တွေက ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် လမ်းများပြန်ဖွင့်ရန် အမှိုက်များကို ရှင်းလင်းဖယ်ရှားနေကြကြောင်း ထိုဌာနက ဆိုသည်။

သို့သော် မိုးလေဝသဌာနကတော့ ထိုင်းတောင်ပိုင်းဒေသများတွင် နောက်နှစ်ရက်အတွင်း မိုးသည်းထန်စွာ ပိုမိုရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း Asani အရှိန်ကြောင့် ထိုင်းနိုင်ငံတွင် မိုးသည်းထန်နိုင်ကြောင်း သိရသည်။



Sorce: Bangkok Post