EAOများသည် တရားမဝင်လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်ကို မစွန့်လွှတ်လို၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝ မပါဝင်ဟု စစ်ကောင်စီစွပ်စွဲ

EAOများသည် တရားမဝင်လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်ကို မစွန့်လွှတ်လို၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝ မပါဝင်ဟု စစ်ကောင်စီစွပ်စွဲ

တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(EAO)များသည် နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူမှောင်ခိုမှုကဲ့သို့ တရားမဝင် လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လိုကြ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝ မပါဝင်ကြဟု စစ်ကောင်စီက စွပ်စွဲပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ(၁၈)ရက်နေ့မှ (၁၉)ရက်နေ့အထိ ပြုလုပ်ခဲ့သည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် စစ်ကောင်စီခန့် နိုင်ငံခြား ရေးဝန်ကြီး ဦးသန်းဆွေက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်း၏ ပြောဆိုချက်တွင် အဓိကအားဖြင့် နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူမှောင်ခိုမှုကဲ့သို့ တရားမဝင်လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လိုကြ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝ မပါဝင်ကြကြောင်း၊ ရွေးကောက်ပွဲ (၃)ကြိမ် စလုံး မပါဝင်ခဲ့ကြကြောင်း၊ ဓာတုပစ္စည်းများကိုအခြေခံ၍ မူးယစ်ဆေး ထုတ်လုပ်ကြသည့်အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရန် ပိုမိုခက်ခဲလာကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် တရားမဝင် စီးပွားရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို လုပ်ငန်းများ နှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် (၂)နှစ်ကျော်ကာလအတွင်း နိုင်ငံရေး မတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူ၍ EAOအချို့က ကိုဗစ်ကာလ စီးပွားရေး၊ လူမှုရေး အခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်သော လူငယ်များအား PDFအဖြစ် သင်တန်းပေး လက်နက်တပ်ဆင်ပြီး နှစ်ပေါင်း (၅၀)နီးပါး အေးချမ်းနေသော ပြည်တွင်းဒေသများတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ ပေါ်ပေါက်အောင် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်းပြောဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုက်ခိုက်မှုအစား ဆွေးနွေးမှုနှင့် ဆောင်ရွက်နေသည်မှာ (၃၃)နှစ်ကျော် ရှိနေပြီဖြစ်ကာ ၎င်းကာလအတွင်း EAO အများစုသည် အမြတ်အစွန်း အလွန်ကြီးမားသည့် မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်၍ အချိန်ဆွဲနေခြင်းသာဖြစ်ပြီး အစိုးရ အဆက်ဆက်အနေဖြင့် ထိုအချက်ကို သိရှိထားသော်လည်း အပစ်အခတ်ရပ်စဲမှုကို မပျက်လို၍ စိတ်ရှည်ရှည်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စစ်ကောင်စီဘက်က အတိအကျလိုက်နာခဲ့ပြီး စတင်တိုက်ခိုက်ခြင်း လုံးဝမပြုခဲ့သလို သတ်မှတ်နယ်မြေ ကျော်လွန်တိုက်ခိုက်မှုလည်း မပြုခဲ့ကြောင်း၊ EAOအချို့မှ သဘောတူညီချက် ဖောက်ဖျက်ပြီး အစိုးရထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်း၊ သယံဇာတ ထွက်ရှိရာ ဒေသများသို့ ဝင်ရောက် ခြေကုပ်စခန်းတည်ဆောက်ခြင်း၊ ပြည်သူလူထုကို အန္တရာယ်ပေးခြင်းကြောင့်သာ တန်ပြန် တိုက်ခိုက်ခဲ့ရကြောင်း ၎င်းကထပ်ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစ၍ (၇၅)နှစ်ကျော် လက်နက်ကိုင် တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခကြောင့် အာဆီယံ(၁၀)နိုင်ငံ၏ သေဆုံးမှုနှင့် နှိုင်းယှဉ်လျှင် (၃)ရာခိုင်နှုန်းအောက်တွင်သာရှိသည်ဟုလည်း လိမ်ညာပြောဆိုခဲ့သည်။ 

ဆွေးနွေးပွဲကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ တက်ရောက်ခဲ့သည်ဟု သိရသည်။