ပြည်သူလူထုက Boycott လုပ်ထားသည့် အောင်ဘာလေအွန်လိုင်းထီကို စစ်ကောင်စီက ရောင်းအားမြှင့်ရုပ်သံများ ရိုက်ကူး၍ ကြော်ငြာလာ

ပြည်သူလူထုက Boycott လုပ်ထားသည့် အောင်ဘာလေအွန်လိုင်းထီကို စစ်ကောင်စီက ရောင်းအားမြှင့်ရုပ်သံများ ရိုက်ကူး၍ ကြော်ငြာလာ

စစ်တပ်ဏာဏာသိမ်းပြီးနောက် Boycott ပြုလုပ်ခံထားရသဖြင့် ရောင်းအားကျဆင်းနေသည့် အောင်ဘာလေထီသည် ယခုရက်ပိုင်းအတွင်း အွန်လိုင်းစနစ်ဖြင့် လည်ပတ်နိုင်ရန် ရောင်းအားမြှင့် ရုပ်သံများရိုက်ကူးကာ ကြော်ငြာလာသည်ကို တွေ့ရသည်။

စစ်ကောင်စီလက်အောက်ရှိ ထီလုပ်ငန်းသည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လဝန်းကျင်ကစ၍ လက်ရှိအချိန်ထိ ရောင်းအား ကျသွားခြင်းကြောင့် စစ်ကောင်စီက ၂၀၂၃ခုနှစ် ဇွန်လ(၈)ရက်နေ့က စတင်ကာ အွန်လိုင်းထီစနစ်ကို ပြောင်းလဲလာခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် အောင်ဘာလေအွန်လိုင်းထီကို လူမှုကွန်ယက်တွင် Pageဖွင့်၍ နာမည်ကြီး ကြော်ငြာ‌အေဂျင်စီထံအပ်ကာ ရောင်းအားမြင့် ရုပ်သံများကိုလည်း ရိုက်ကူးဖြန့်ချီလာသည်ကို တွေ့ရသည်။

"အခုလို ကြော်ငြာအေဂျင်စီအပ်ဖို့ဆိုရင် ဈေးအရမ်းကြီးတယ်။ အေဂျင်စီအပ်တယ်ဆိုတာ ကိုယ့်ရဲ့ရောင်းအားကို ပိုပြီးများစေချင်လို့ပေါ့။ သူတို့က Mytelနဲ့ ချိတ်ဆက်ထားရင် Mytelနဲ့ ထီလက်မှတ်ဝယ်ရင် ဘယ်လောက်လျော့ဈေးရတယ်ဆိုတာမျိုးပေါ့။ ဒါကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ကို ထိုးဖောက်တာပေါ့နော်။ အဓိက လူတွေ ပိုထိုးလာအောင်လို့ မားကက်တင်းဆင်းတဲ့ သဘောမျိုးပေါ့။"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ပုံနှိပ်ထီရောင်းအား ကျဆင်းလာခြင်းကြောင့် အွန်လိုင်းစနစ် ထီဖွင့်ပွဲကို ဇွန်လ(၈)ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ပြုလုပ်ခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ရသည်။

ပုံနှိပ်ထီကို ‘က’မှ ‘စ’ အထိ သတ်မှတ်ထားပြီး ‘ဆ’မှ ‘ဌ’ အထိ ကို အွန်လိုင်းထီဟုသတ်မှတ်ထားခြင်းဖြစ်ကာ အွန်လိုင်းထီစနစ်ကို စစ်ကောင်စီက ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

"တစ်စောင်ကို (၁၀၀၀)နှုန်းနဲ့ မနေ့က(ဇွန်လ ၂၁)ရက်နေ့အထိတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစောင်ရေ (၂၀၀၀)လောက်ရောင်းရတယ်။ အွန်လိုင်းထီက Kpay၊ Wave တို့မှာ ပိုက်ဆံရှိရင် ထိုးလို့ရတယ်ဆိုပေမယ် မလုပ်တတ်တဲ့သူတွေက ဘယ်ထိုးမလဲ။ ပုံနှိပ်ထီကတော့ လူတိုင်းထိုးနိုင်တယ်။ အွန်လိုင်းက ထီမပေါက်ရင် အောင်မြင်လာမှာ မဟုတ်ဘူး။ ထီပေါက်စဉ်ကလည်း အွန်လိုင်းထီနဲ့ ပုံနှိပ်ထီ နှစ်ခုပေါင်းမှ သိန်း (၅၀၀၀)ထွက်မှာ။"ဟု အောင်ဘာလေထီလုပ်ငန်းရှင်တစ်ဦးက Tachileik News Agency ကိုပြော သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အွန်လိုင်းထီစနစ်ကို ပြီးခဲ့တဲ့လများတွင် စတင်ရောင်းချခဲ့ပြီးနောက် စစ်ကောင်စီကလည်း အွန်လိုင်း ထီစနစ်ကို ပြုလုပ်လာခြင်းဖြစ်သည်။ 

တော်လှန်ရေးအဖွဲ့များကမူ အာဏာသိမ်းစစ်ကောင်စီ၏ စီးပွားရေး လုပ်ငန်းများကို Boycott ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

#TachileikNewsAgency