ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ပြည်သူလူထု၏ ကိစ္စအဝဝအား အပ်နှံကြောင်း ဖရူဆို အနောက်ဖက်ခြမ်း  ဒေသန္တာရပြည်သူ့အုပ်ချုပ်ရေး ကော်မတီက သဝဏ်လွှာပို့

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ပြည်သူလူထု၏ ကိစ္စအဝဝအား အပ်နှံကြောင်း ဖရူဆို အနောက်ဖက်ခြမ်း  ဒေသန္တာရပြည်သူ့အုပ်ချုပ်ရေး ကော်မတီက သဝဏ်လွှာပို့
ဇွန် 14, 2023 | 2021 Military Coup| ကယား

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကို ပြည်သူလူထု၏ ကိစ္စအဝဝအားအပ်နှံကြောင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ဖရူဆိုအနောက်ဖက်ခြမ်း  ဒေသန္တာရပြည်သူ့အုပ်ချုပ်ရေး ကော်မတီက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကို တရားဝင်ဖွဲ့စည်းခြင်းအား ဖရူဆိုအနောက်ဖက်ခြမ်း  ဒေသန္တာရပြည်သူ့အုပ်ချုပ်ရေး ကော်မတီက ကြိုဆိုဂုဏ်ပြုကြောင်းနှင့် ပြည်သူလူထုအပေါ်  အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်သွားမည်ကို ယုံကြည်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဖက်ဒရယ် အခြေခံမူကို အခြေခံ၍ ကိုယ်ပိုင်ပြဌာန်းခွင့်  တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေး လေးစားအသိအမှတ်ပြုရေးတို့ကို ဦးထိပ်ထား ဆောင်ရွက်နိုင်ရန်လည်း တိုက်တွန်းသည်ဟု ပါရှိသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ၂၀၂၃ခုနှစ် ဇွန်လ(၆)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ကြားကာလ ပြည်နယ်အစိုးရ တစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမည်ဟု သိရသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကို ၂၀၂၁ခုနှစ် ဧပြီလ(၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဌများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို မူဝါဒချမှတ်ထားသည်ဟု သိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်နယ်ရေးရာဌာနအနည်းဆုံး (၁၂)ရပ်ထားရှိမည်ဟု ဆိုသည်။

ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရန်အပြင် လူထုများ၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စာနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရန်ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ကြားကာလအုပ်ချုပ်ရေးကောင်စီအတွင်း CDMများ၊ တတ်သိပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပံ့ပိုးမှုဖြင့် လက်တွဲဖော်ဆောင်သွားရန်လည်း ဖိတ်ခေါ်ထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဌအဖြစ် ခူးဦးရယ်(KNPP)၊ ဒုဥက္ကဌအဖြစ် ခွန်းဘီထူး(KNDF)၊ အထွေထွေအတွင်းရေးမှူအဖြစ် ခူးပလုရယ်၊တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် ဇူးပဒုမ္မာ၊ တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ဗညားခွန်အောင်နှင့် ဘဏ္ဌာရေးမှူးအဖြစ် မော်ဖိုးမြာတို့က တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency